ထိုင်ဝမ်အတွက် စစ်ရေးအကူအညီထပ်စဉ်းစားပေးရန် ဗြိတိန်ပါလီမန်ကာကွယ်ရေးကော်မတီအကြီးအကဲ တိုက်တွန်း

ထိုင်ဝမ်အတွက် စစ်ရေးအကူအညီထပ်စဉ်းစားပေးရန် ဗြိတိန်ပါလီမန်ကာကွယ်ရေးကော်မတီအကြီးအကဲ တိုက်တွန်း

ထိုင်ဝမ်အတွက် ကာကွယ်ရေးအကူအညီမြှင့်တင်ပေးရာတွင် ဆက်လက်လုပ်ဆောင်သွားရန် ကိစ္စများ ရှိနေကြောင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်က ထိုင်ဝမ်သို့သွားရောက်စဉ် ရေငုပ်သင်္ဘော အစီအစဉ်ကိုလည်း ဆွေးနွေးခဲ့ကြောင်း ဗြိတိန်ပါလီမန်၏ ကာကွယ်ရေးဆိုင်ရာအထူးစုံစမ်ရေးကော်မတီအကြီးအကဲ တိုဘိုင်းရက်စ် အဲလ်ဝုဒ်က ပြောသည်။

ဗြိတိန်သည် တရုတ်က သူပိုင်ဆိုင်ကြောင်းပြောဆိုထားသည့် ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်သော ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေးမရှိသော်လည်း တရုတ်၏ ဆိုးရွားလာသော စစ်ရေးခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည့် ထိုင်ဝမ်အတွက် အနောက်နိုင်ငံများနည်းတူ ကူညီထောက်ပံ့မှု အရှိန်မြှင့်ခဲ့သည်။

အမေရိကန်က ထိုင်ဝမ်၏ အရေးအပါဆုံး ပြည်ပလက်နက်အရင်းအမြစ်ဖြစ်သလို ဗြိတိန်ကုမ္ပဏီများလည်း ထိုင်ဝမ်၏ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောအုပ်စုအသစ်ကို တည်ဆောက်ရာတွင် ကူညီပေးလျက်ရှိသည်။

ဗြိတိန်အနေဖြင့် ထိုင်ဝမ်ကို လက်နက် သို့မဟုတ် ထောက်လှမ်းရေးအချက်အလက်မျှဝေခြင်းဖြင့် ကူညီလိုခြင်း ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ တိုဘိုင်းရက်စ်အဲလ်ဝုဒ် ကူညီပေးလိုကြောင်း ဖြေကြားခဲ့သည်။

“ကျွန်တော်တို့ကော်မတီက မေလမှာ ဒီအကြောင်းကို အသေးစိတ်ဆွေးနွေးသွားဖို့ရှိပါတယ်” ဟု တိုဘိုင်းရက်စ်က ပြောသည်။

အာဏာရကွန်ဆာဗေးတစ်ပါတီမှ အကြီးတန်းလွှတ်တော်အမတ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးဟောင်း လည်းဖြစ်သူ အဲလ်ဝုဒ်သည် ထိုင်ဝမ်ခရီးစဉ်တွင် ရေငုပ်သင်္ဘောအစီအစဉ်ကိုလည်းဆွေးနွေးခဲ့ပြီး ထိုအကြောင်း လူသိရှင်ကြားမပြောခင် အနည်းငယ်လေ့လာရန်လိုသေးကြောင်း ပြောသည်။

အဲလ်ဝုဒ်သည် သမ္မတစိုင်အင်ဝမ်၊ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူနှင့် ထိုင်ဝမ်နိုင်ငံလုံခြုံရေးကောင်စီအကြီးအကဲ ဝယ်လင်တန်ကူးတို့နှင့်တွေ့ဆုံခဲ့သည်။

ဗြိတိန်သည် ထိုင်ဝမ်နှင့် စစ်ရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလုပ်ဆောင်သင့်ကြောင်းနှင့် ထိုင်ဝမ်ကို နိုင်ငံတကာက ထောက်ခံရာတွင် ပိုမိုရဲတင်းစွာလုပ်ဆောင်သင့်ကြောင်း အဲလ်ဝုဒ်ကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly