စိုက်ပျိုးစရိတ်ပိုများလာ၍ စပါးဈေးကောင်းရရန် ရခိုင်လယ်သမားများ မျှော်လင့်

စိုက်ပျိုးစရိတ်ပိုများလာ၍ စပါးဈေးကောင်းရရန် ရခိုင်လယ်သမားများ မျှော်လင့်

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်တွင် စိုက်ပျိုးစရိတ်ပိုမိုများပြားလာပြီး စပါးအထွက်နှုန်းပါ ကျဆင်းနေသည့်အတွက် စပါးဈေးကောင်းရရန်မျှော်လင့်နေကြောင်း လယ်သမားများက ဆိုကြသည်။

ယခု ၂၀၂၂ ခုနှစ် စပါးစိုက်ပျိုးရာသီတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် စပါးအထွက်နှုန်းကျဆင်းပြီး စိုက်ပျိုးရေးစရိတ်မှာ ပိုမိုများပြားလာခြင်းဖြစ်သည်။

“ ဒီနှစ်က စပါးလယ်ကွက်တွေ အားလုံးကိုလည်း မစိုက်လိုက်ဘူး၊ လယ်မှာလိုအပ်တဲ့ အလုပ်သမားကအစ ဈေးကြီးတယ်။ ဒါကြောင့် ဒီနှစ်ကအနည်းငယ်ပဲ စိုက်ပျိုးထားတယ်။ ကျနော်တို့မှာ အရင်းအနှီးသွင်းထားတာများတော့ ဈေးကောင်းရချင်ပါတယ် ” ဟု ရသေ့တောင်နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးမောင်မောင်သန်းက ဆိုသည်။

စပါး ပေါ်ဆန်းမွှေး တင်း ၁၀၀ ကို ၁၀ သိန်းကျပ်ခန့်ရရှိမှ ရောင်းချရန်အဆင်ပြေမည် ဖြစ်ကြောင်းနှင့် ထိုသို့မဟုတ်ပါက လယ်လုပ်ရင်း ဆင်းရဲတွင်းပိုနက်လာသည့်အဖြစ်မျိုး ကြုံလာရနိုင်သည်ဟု ၎င်းက ပြောသည်။

စပါးအထွက်နှုန်းကျဆင်းနေသည့် ရခိုင်ပြည်နယ်တွင် စပါးဈေးနှုန်းမှာ မည်မျှအထိ မြင့်လာမည်ကို မသိရသေးသော်လည်း ယခုနှစ်၌ အထက်ပါ တင်း ၁၀၀ ကို ၁၀ သိန်းဝန်းကျင် ဈေးရှိလာနိုင်ကြောင်း ရခိုင်ပြည်နယ် ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ကြီးကလည်း သုံးသပ်ပြောသည်။

သို့သော် ရခိုင်တွင် ယခုနှစ်၌ ရာသီဥတုဖောက်ပြန်ခြင်းအပြင် တိုက်ပွဲများဖြစ်ပွားနေခြင်းတို့ကြောင့် စပါးစိုက်ဧက ထက်ဝန်ခန့်မျှသာ စိုက်ပျိုးနိုင်ကြသည်။

တစ်ပြည်နယ်လုံးတွင် စိုက်ပျိုးမြေဧက စုစုပေါင်း ၁,၀၄၀,၀၀၀ (တစ်သန်းနှင့် လေးသောင်း) ကျော်ခန့်ရှိပြီး ယခုနှစ် စိုက်ပျိုးနိုင်သည့်ဧကမှာ ခုနှစ်သိန်းကျော်ခန့်ရှိကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးအောင်ကျော်ဇံကလည်း ပြောသည်။

“ မနှစ်က ရှစ်သိန်းခွဲအထက်ကို စိုက်ပျိုးနိုင်ခဲ့တယ်ပေါ့၊ အခုနှစ်မှာက မြောက်ပိုင်းမှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ စပါး ဧက စုစုပေါင်းဆိုရင် ကျနော်တို့ လက်ကျန် စိုက်ဧက က ခုနစ်သိန်း ကျော်လောက်ပဲ စိုက်ပျိုးနိုင်တယ်” ဟု ၎င်းက ဆိုသည်။

မောင်တော၊ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့များသည် နှစ်စဉ် နှစ်တိုင်း ပြည်မဖက်သို့ စပါးတင်သွင်းမှု အများဆုံးမြို့များလည်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင်စိုက်ပျိုးသည့် ကောက်ညှင်းနှင့် ပေါ်ဆန်မွှေးကဲ့သို့ဆန်များကို ပြည်မဘက်သို့တင်ပို့ပြီး ဧည့်မထ ၊ ငစိန်၊ မီးတုံး၊ ရွှေဝါထွန်း ကဲ့သို့ဆန်များကိုမူ ပြည်မဘက်မှ ပြန်လည်တင်သွင်းခြင်းဟု သိရသည်။

စာတည်း ။ ။ စိုးသူအောင်

စာတည်း ။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required