အရာတော် - မုံရွာလမ်းပိုင်းကို ယာယီအသုံးမပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့အသိပေး

အရာတော် - မုံရွာလမ်းပိုင်းကို ယာယီအသုံးမပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့အသိပေး

မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အရာတော် - မုံရွာလမ်းပိုင်းကို ယာယီအသုံးမပြုကြရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဒီဇင်ဘာလ ၅ ရက်တွင် အသိပေးချက် ထုတ်ပြန်သည်။

အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများသည် ကျွန်းဖိုပင်ကျေးရွာ တစ်ဝိုက်နှင့် အခြား အရာတော် - မုံရွာလမ်းပိုင်းတွင် စစ်ရေး လှုပ်ရှားမှုများရှိနေ၍ ယခုကဲ့သို့ထုတ်ပြန်ရခြင်း ဖြစ်ကြောင်းဆိုသည်။

“ အဲဒီစစ်ကြောင်းက ဒီဇင်ဘာလ ၃ ရက်နေ့က ဝက်ပြစ်ရွာကို ဝင်မွှေခဲ့တဲ့ စစ်ကြောင်းပါ။ အရာတော် - မုံရွာ လမ်းပိုင်းကို သူတို့ဘက်က ကူးသန်းချင်တဲ့အခါမျိုးမှာ အဲဒီလို လမ်းပေါ်ကရွာတွေကို တပ်စွဲလေ့ရှိပါတယ်။ ဘယ်အချိန် အတိုင်းအတာထိ ရှိမယ်လို့ကတော့ မသိရပါဘူး ” ဟု အရာတော် ပကဖ ပြန်ကြားရေးတာဝန်ခံက မဇ္စျိမသို့ပြောသည်။

အဆိုပါစစ်ကြောင်းသည် ဝက်ပြစ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ရွာခံများ၏ နေအိမ်များကို ဝင်ရောက်ကာ အဖိုးတန်ပစ္စည်းများ ခိုးယူပြီး မွှေနှောက်ဖျက်ဆီးခဲ့ကြသည်။

ထို့ကြောင့် မဖြစ်မနေ သွားလာရမည်ဆိုပါက စစ်ကောင်စီ၏ယာဉ်များဖြင့် ကပ်လိုက်ခြင်း၊ မိုးကာအုပ်၍ မောင်းနှင်ခြင်းများ မပြုလုပ်ကြရန် လူထုကို အသိပေးထားသည်။

စစ်ကောင်စီတပ်သားများ၏ လှုပ်ရှားမှုများ (ကင်းပုန်းများ) ဦးတည်ရွေ့လျားမှုများ၊ ချောဆွဲခံနေရသော ကားနံပါတ်၊ အမျိုးအစား အရောင် စသဖြင့် တွေ့ရှိခဲ့ပါက တော်လှန်ရေး ရဲဘော်များထံ သတင်းပေးပို့ပေးခြင့်ဖြင့် ကူညီပေးကြရန်လည်း ပကဖ မှ မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီတပ်မှ အချိန်မည်မျှကြာ တပ်စွဲလှုပ်ရှားမည်ကို မသိရသေး၍ လမ်းကို ယာယီအသုံးမပြုကြရန်နှင့် မဖြစ်မနေ အသုံးပြုဖို့လိုအပ်ပါက သတိပေးချက်များကို လိုက်နာကြရန် အကူအညီတောင်းကြောင်းဆိုသည်။

စစ်ကိုင်းတိုင်းထဲရှိ တချို့မြို့နယ်များကဲ့သို့ပင် အရာတော်နယ်ကို စစ်ကောင်စီတပ်မှ အင်တာနက်ဖြတ်တောက်ပြီး သတင်းအမှောင်ချထားသည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required