လှည်းကူးမြို့နယ် ငွေနံ့သာစံပြကျေးရွာရှိ လယ်ကွင်းနံဘေးတွင် သေဆုံးနေသည့် အမျိုးသားအလောင်း ၁၃ လောင်းတွေ့ရှိ

လှည်းကူးမြို့နယ် ငွေနံ့သာစံပြကျေးရွာရှိ လယ်ကွင်းနံဘေးတွင် သေဆုံးနေသည့် အမျိုးသားအလောင်း ၁၃ လောင်းတွေ့ရှိ

မဇ္ဈိမ။ ။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စု၊ ငွေနံ့သာကျေးရွာရှိ လယ်ကွင်းနံဘေးတွင် သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း ၁၃ လောင်းကို တွေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ငွေနံ့သာကျေးရွာမှ အမှတ်(၇) လမ်းမ ကြီးပေါ်သို့ ဆက်သွယ်ထားသည့် ကားလမ်းဘေးတွင် အဆိုပါအမျိုးသားအလောင်း များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်းများ တွေ့ရှိခဲ့သည့်နေရာသည် လှည်းကူးနှင့် တောင်ဒဂုံကို ဆက်သွယ် ထားသည့် ကားလမ်းဘေးတွင်တည်ရှိပြီး လူသွားလူလာ ပြတ်တောက်သည့် နေရာ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်က အလောင်းများတွေ့ရှိသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းအစထွက်ပါက ဖမ်းဆီးမည်ဟုဆိုကာ ခြိမ်းခြောက်မှုများရှိ နေကြောင်း ဒေသခံများထံက သိရသည်။

တွေ့ရှိခဲ့သည့် အမျိုးသား ရုပ်အလောင်းများသည် ရိုဟင်ဂျာများဖြစ်ပြီး အသက်ရှုရပ်ကာ သေဆုံးခြင်း ဖြစ်ကြောင်း ဒေသတွင်းသတင်းများ ထွက်ပေါ်နေပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ငွေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူး၏ သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ ရေများစိုကာ လက်ဖျားများနူးပွနေသည့် အမျိုးသား အလောင်း ၁၃ လောင်းကို တွေ့ရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကာ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ နေ့လယ်ပိုင်းတွင် သတင်းထုတ် ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းကလည်း လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် (၁) အနီးတွင် ကုန်ကားတစ်စီးကို စစ်ကောင်စီတပ်မှ စစ်ဆေးခဲ့ပြီး ရိုဟင်ဂျာ အမျိုးသား ၅၄ ဦးနှင့် အမျိူးသမီး ၁၄ ဦးတို့ကို ဖမ်းဆီးခဲ့သည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required