တရုတ်ကို တန်ပြန်ရန် အင်ဒိုနီးရှားစစ်ဦးစီးချုပ်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် ကမ်းလှမ်း

By Straits times
04 December 2022
တရုတ်ကို တန်ပြန်ရန် အင်ဒိုနီးရှားစစ်ဦးစီးချုပ်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် ကမ်းလှမ်း

အင်ဒိုနီးရှား ထိပ်တန်းတပ်မှူးက ဒေသတွင်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းနေပြီး ပိုမိုရန်လိုလာနေသည့် တရုတ်၏ ရေပိုင်နက်ဆိုင်ရာခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ အငြင်းပွားနေသည့် ဘရူနိုင်းနှင့် မလေးရှားကဲ့သို့သော စိတ်တူ ကိုယ်တူနိုင်ငံများနှင့် ပိုမိုနီးကပ်သောဆက်ဆံရေးကို ထူထောင်လိုကြောင်း နိုဝင်ဘာ ၂၈ရက်က ဖော်ပြခဲ့သည့် Nikkei Asia သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဗိုလ်ချုပ်ကြီး အန်ဒီကာ ပါကီဆာက ပြောကြားခဲ့သည်။

ယင်းအစီအစဉ်တွင် နာတူနာကျွန်းများကို ပိုမိုကောင်းမွန်စွာ ကင်းလှည့်နိုင်ရေးနှင့် တခြားစစ်တပ်များအားလုံး ပိုမိုပူးပေါင်းဆောင်ရွက်မှုကို ၎င်းက တိုက်တွန်းခဲ့သည်။

"ဒီလိုပြောလို့ ရှက်စရာ မလိုပါဘူး။ ဒါပေမယ့် နာတူနာကျွန်းအနီးအနားက ကျွန်တော်တို့ ရဲ့ အထူးစီးပွားရေးဇုန်မှာ ပူးပေါင်းကင်းလှည့်ဖို့ ရက်ပိုင်းပဲ ကြာနိုင်ပါတယ်” ဟု ၎င်းက Nikkei Asia သို့ ပြောကြားခဲ့သည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် နိုင်ငံအချင်းချင်း ဆက်ဆံရေးတိုးတက်စေရုံသာမက အင်ဒိုနီးရှား၏ အကန့်အသတ်ဖြင့်ရနေသည့် ကာကွယ်ရေးဘတ်ဂျက်ကိုလည်း စိစစ်ရာရောက်သည်။

ဘရူးနိုင်းနှင့် မလေးရှားတို့ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်အကောင်အထည်ပေါ်လာပါက တောင်တရုတ် ပင်လယ်တွင် တရုတ်နှင့် အငြင်းပွားနေသည့် နိုင်ငံများမှ စစ်တပ်အားလုံး ပါဝင်သည့် ပထမဆုံး ပူးတွဲစစ်ရေး လေ့ကျင့်မှု ဖြစ်လာမည်ဖြစ်သည်။

အင်ဒိုနီးရှားသည် Garuda Shield ဟုခေါ်သော နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံအများအပြားပါဝင်ရန် ကြိုးပမ်းနေပြီး ယင်းအစီအစဉ်တွင် ပါဝင်ရေးအတွက် အမေရိကန်စစ်ဘက်ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ လအစောပိုင်းတွင် ဂျကာတာမြို့၌ ဆွေးနွေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အန်ဒီကာ ပြောကြားခဲ့သည်။

အိန္ဒိယ၊ ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်တို့ ပါဝင်သည့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ Quad နှင့် ပိုမို ပူးပေါင်းဆောင်ရွက်ခြင်းသည် အလွန်အရေးကြီးကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly