ပါကစ္စတန်စီးပွားရေးက ဖရိုဖရဲ အခြေအနေ ဆက်ဖြစ်နေ

ပါကစ္စတန်စီးပွားရေးက ဖရိုဖရဲ အခြေအနေ ဆက်ဖြစ်နေ

ပါကစ္စတန်နိုင်ငံတွင် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ဟန်ချက်မညီမှုများကြောင့် နိုင်ငံစီးပွားရေးသည် ဆက်လက် ယိုယွင်းဆိုးရွားလျက် ရှိပြီး အဆိုပါနိုင်ငံတွင် အခွန်အကောက်များ၊ ထောက်ပံ့ကြေးများကဲ့သို့ စီးပွားရေး မူဝါဒများနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်တချို့ကိုလည်း အချိန်ကြာလာသည်နှင့်အမျှ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဒေါက်တာ ဆာကာရီယာ ကာရင်းမ်က Asian Lite တွင် ရေးသားထုတ်ဖော်သည်။

ပါကစ္စတန်၏ နိုင်ငံခြားအရန်ငွေ အကျပ်အတည်းသည် ပိုမိုဆိုးဝါးနေခဲ့ပြီး နိုင်ငံခြားအရန်ငွေများသည် ၂၀၂၁ ခုနှစ် ဩဂုတ်လက ဒေါ်လာ ၂၀ ဘီလီယံကျော် ရှိခဲ့ရာမှ ယခုအခါ ဒေါ်လာ ၈ ဘီလီယံအထိ စိုးရိမ်ဖွယ်ရာ ကျဆင်းခဲ့ပြီ ဖြစ်သည့်အတွက် နိုင်ငံ၏ နိုင်ငံတကာ ငွေပေးချေမှုများဆိုင်ရာ လုပ်နိုင်စွမ်းအပေါ် ထိခိုက်စေလျက် ရှိသည်။

လက်ရှိ ၂၀၂၃ ဘဏ္ဍာနှစ်၏ ပထမ ၄ လအတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ၅၂ ရာခိုင်နှုန်း ကျဆင်းခဲ့ရာတွင် နိုင်ငံ၏ စိတ်ပျက်စရာ စီးပွားရေး အခြေအနေကို ပြသနေသည်။

ထို့ပြင် ပြည်ပရောက် ပါကစ္စတန်လုပ်သားများ ပြည်တွင်းသို့ ပြန်လွှဲပို့သည့် လွှဲငွေပမာဏပိုင်းတွင် သိသိသာသာ ကျဆင်းမှုကြောင့်လည်း ပါကစ္စတန်၏ ငွေကြေးဆိုင်ရာ အကျပ်အတည်းများကို ပိုမိုဆိုးဝါးစေသည်။

ပြည်ပမှ ပြည်တွင်းသို့ ပြန်လွှဲငွေ စုစုပေါင်းသည် ၂၀၂၂ ဇူလိုင်-အောက်တိုဘာအကြား ဒေါ်လာ ၉ ဒသမ ၉ ဘီလီယံ ရှိခဲ့ပြီး ယမန်နှစ် အလားတူ ကာလ၏ ဒေါ်လာ ၁၀ ဒသမ ၈၂၇ ဘီလီယံထက် ၈ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားသည်။

လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားမည် ဆိုပါက ဇွန်လတွင် ကုန်ဆုံးမည့် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပမှ ပြည်တွင်းသို့ ပြန်လွှဲငွေ စုစုပေါင်းသည် ဒေါ်လာ ၃၀ ဘီလီယံနီးပါး ရှိဖွယ် ရှိပြီး ၂၀၂၂ ဘဏ္ဍာနှစ်၏ ဒေါ်လာ ၃၁ ဘီလီယံနှင့် ယှဉ်ပါက လျော့ကျဖွယ် ရှိနေကြောင်း Asian Lite မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly