ပါကစ္စတန်တာလီဘန်အဖွဲ့က အပစ်ရပ်မှု အဆုံးသတ်ပြီး နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများ လုပ်မည်ဟု ကြေညာ

ပါကစ္စတန်တာလီဘန်အဖွဲ့က အပစ်ရပ်မှု အဆုံးသတ်ပြီး နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများ လုပ်မည်ဟု ကြေညာ

ပါကစ္စတန်နိုင်ငံတွင် တရားဝင် ပိတ်ပင်တားမြစ်ခံထားရသည့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့သည် အစိုးရနှင့် အပစ်ရပ်စဲမှုကို နိုဝင်ဘာ ၂၈ ရက်တွင် ဖျက်သိမ်းလိုက်ပြီး နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အဖွဲ့ဝင်များကို ညွှန်ကြားလိုက်သည်။

ဇွန်လက အစိုးရနှင့် သဘောတူထားသည့် အပစ်ရပ်စဲမှုကို ဖျက်သိမ်းကြောင်း TTP အဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

“နိုင်ငံရဲ့ ဧရိယာအသီးသီးမှာ မူဂျာဟစ်ဒင်တွေကို ပစ်မှတ်ထားတဲ့ စစ်တပ် စစ်ဆင်ရေးတွေ ဆက်ရှိနေတာကြောင့် ခင်ဗျားတို့အနေနဲ့ နိုင်ငံတစ်ဝန်းမှာ ခင်ဗျားတို့ လုပ်နိုင်သလောက် တိုက်ခိုက်မှုတွေ လုပ်ရတော့မှာ ဖြစ်တယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့သည် အာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့နှင့်မတူသည့် သီးခြား အဖွဲ့တစ်ခုဖြစ်သော်လည်း နှစ်ဖွဲ့အကြား တူညီသော အစ္စလမ္မစ် အတွေးအမြင်စနစ်တစ်ခု ရှိသည်။ TTP အဖွဲ့သည် ၂၀၀၇ ခုနှစ်တွင် စတင်ပေါ်ပေါက်ပြီးနောက် လူထောင်ချီ သေဆုံးစေမှုနှင့် တိုက်ခိုက်မှုပေါင်း ရာချီအတွက် တာဝန်ရှိသည့်အဖွဲ့ဖြစ်သည်။

ဘန်နူဒေသ လက်ကီ မာဝတ်ခရိုင်တွင် စစ်တပ်အဖွဲ့အစည်းများက တိုက်ခိုက်မှုများကို မရပ်မနား လုပ်ဆောင်ခဲ့ပြီးနောက် ယခု ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း TTP က ထုတ်ပြန်သည်။

မိမိတို့အဖွဲ့အနေဖြင့် ပါကစ္စတန်ပြည်သူများကို ထပ်တလဲလဲ သတိပေးထားခဲ့ကြောင်းနှင့် ဆွေးနွေး ညှိနှိုင်းမှုလုပ်ငန်းစဉ်ကို မိမိတို့ဘက်မှ ဖျက်ဆီးရသည့် အဆင့်အထိ မရောက်စေရန် ဆက်လက် စိတ်ရှည်ရှည်ထားခဲ့ကြောင်း TTP အဖွဲ့က ပြောသည်ဟု Dawn သတင်းစာက ဖော်ပြသည်။

“ဒါပေမယ့် စစ်တပ်နဲ့ ထောက်လှမ်းရေး အေဂျင်စီတွေကတော့ တိုက်ခိုက်မှုတွေကို မရပ်ဘဲ ဆက်လုပ်နေခဲ့တယ်။ ဒါကြောင့် ခုချိန်မှာ ကျွန်တော်တို့ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို နိုင်ငံတစ်ဝန်း စတင်သွားပါမယ်” ဟု TTP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly