အာဖဂန်ပြည်သူ ၉၇ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ရောက်ရှိနေဟု စစ်တမ်းတွင် တွေ့ရှိ

အာဖဂန်ပြည်သူ ၉၇ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ရောက်ရှိနေဟု စစ်တမ်းတွင် တွေ့ရှိ

အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လလယ်က အမေရိကန်တပ်ဖွဲ့များ ပြန်လည်ထွက်ခွာပြီး တာလီဘန်တို့ အာဏာပြန်ရပြီးနောက်ပိုင်း အဆိုပါနိုင်ငံ၏ စီးပွားရေးသည် နက်ရှိုင်းသော အကျပ်အတည်းတစ်ခုအောက် ကျရောက်ခဲ့ရသလို အထူးတလည်စိုးရိမ်ဖွယ်ရာ စားနပ်ရိက္ခာ ရှားပါးမှုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

ထို့ပြင် ပြည်သူ ၉၇ ရာခိုင်နှုန်းသည်လည်း ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ကျရောက်နေကြောင်း ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) က အီးယူမိတ်ဖက်များနှင့် ချိတ်ဆက်လုပ်ဆောင်သည့် စစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။

မိုးခေါင်မှုနှင့် ညံ့ဖျင်းသည့် စီမံအုပ်ချုပ်မှုတို့ကြောင့် အာဖဂန် လူဦးရေ၏ ထက်ဝက်ကျော်သည် အစားအစာ မလုံလောက်မှုနှင့် အကြီးအကျယ် ကြုံတွေ့နေရပြီး အဆိုပါ အခြေအနေက ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းများ အပေါ် အပျက်သဘောဆောင် သက်ရောက်မှုဖြစ်စေသလို ကျေးလက်ဒေသများရှိ ပြည်သူအများ အပြားအတွက်လည်း ဝင်ငွေရင်းမြစ်များကို ပြောင်းလဲခွဲထုတ်ရန် ရွေးချယ်စရာ အနည်းအကျဉ်းမျှသာ ရှိစေကြောင်း TOLOnews က ဖော်ပြသည်။

“အာဖဂန် လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးဟာ ရာသီဥတုဒဏ်ကြောင့် ထိခိုက်ခံစားနေရတယ်” ဟု စစ်တမ်းတွင် ဖော်ပြသည်။

အာဖဂန်နစ္စတန်ရှိ အားရစရာမကောင်းသည့် ဂျုံထောက်ပံ့မှုများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်စရာများကိုလည်း စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် မွေးမြူရေးဝန်ကြီးဌာနက ထုတ်ဖော်ခဲ့သည်။

“အာဖဂန်နစ္စတန်မှာ ရာသီဥတု ပြောင်းလဲမှုတွေနဲ့အတူ နှစ်စဉ် ဂျုံ မက်ထရစ်တန်ချိန် ၄ ဒသမ ၇ သန်းကနေ ၅ သန်းအကြား ကျွန်တော်တို့ ထုတ်လုပ်နေပါတယ်” ဟု ဝန်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ်သည့် မိုဟာမက် ကာဆင် အိုဘိုင်ဒီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required