အိန္ဒိယက အာဖဂန်နစ္စတန်၌ ရပ်ဆိုင်းထားသော စီမံကိန်း ၂၀ ခုကို ပြန်စတင်နိုင်ဟု တာလီဘန် ပြော

အိန္ဒိယက အာဖဂန်နစ္စတန်၌ ရပ်ဆိုင်းထားသော စီမံကိန်း ၂၀ ခုကို ပြန်စတင်နိုင်ဟု တာလီဘန် ပြော

အိန္ဒိယအစိုးရသည် အာဖဂန်နစ္စတန်နိုင်ငံ၌ ရပ်တန့်နေသော စီမံကိန်း ၂၀ ခုကို ပြန်လည်စတင်နိုင်ကြောင်း တာလီဘန်တို့က နိုဝင်ဘာ ၃၀ ရက်တွင် ပြောသည်။

အိန္ဒိယအနေဖြင့် အာဖဂန်တာလီဘန်တို့နှင့် ဆက်ဆံရေး တိုးတက်စေရန်နှင့် အာဖဂန်နစ္စတန်ရှိ အိန္ဒိယ၏ စီမံကိန်းများကို ပြန်စရန် စိတ်ဝင်စားသည်ဟု အိန္ဒိယသံရုံး ယာယီတာဝန်ခံ ဘာရတ် ကူးမားက ပြောခဲ့ကြောင်း အာဖဂန်နစ္စတန်၏ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဝန်ကြီးဌာနကိုကိုးကားပြီး Tolo News က ဖော်ပြသည်။

ကူမားသည် အာဖဂန်နစ္စတန်၏ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဝန်ကြီး ဟမ်ဒူလာ နိုမာနီနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံရဲ့ ပြည်နယ်တချို့မှာ စီမံကိန်းပေါင်း ၂၀ ခုထက်မနည်းကို အိန္ဒိယအနေနဲ့ ပြန်စသွားမယ်လို့ မျှော်လင့် ရပါတယ်။ အိန္ဒိယသံရုံးယာယီတာဝန်ခံ ကူးမားဟာ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးမှုဝန်ကြီး ဟမ်ဒူလာ နိုမာနီနဲ့ ကဘူးလ်မှာ တွေ့တုန်းက အဲဒီစီမံကိန်းတွေပြန်စဖို့ စိတ်ဝင်စားတယ်လို့ ပြောခဲ့ပါတယ်” ဟု အိမ်ရာဖွံ့ဖြိုးမှု ဝန်ကြီးဌာနက ပြောကြောင်း Tolo News က ကိုးကားဖော်ပြသည်။

“အဲဒီ စီမံကိန်းတွေက အရင်အစိုးရလက်ထက်မှာ သူတို့ အကောင်အထည်ဖော်ခဲ့တာပါ။ ဒါပေမယ့် နိုင်ငံရေးအပြောင်းအလဲတွေနဲ့ အခြားကိစ္စတွေကြောင့် နှောင့်နှေးခဲ့ပါတယ်။ ခုတော့ သူတို့ အဲဒီ စီမံကိန်းတွေကို ပြန်စဖို့ စိတ်ဝင်စားနေပါတယ်” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ကာမဲလ် အာဖဂန်က ပြောသည်။

စီမံကိန်းများ အကောင်အထည်ဖော်ခြင်းက နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးနိုင်မည်ဟု ယုံကြည်ကြောင်း စီးပွားရေးပညာရှင်များက ပြောသည်ဟု Tolo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly