အာဖဂန်နစ္စတန် ဘာသာရေးကျောင်း ဖောက်ခွဲတိုက်ခိုက်ခံရမှုအပေါ် အမေရိကန် ရှုတ်ချ

အာဖဂန်နစ္စတန် ဘာသာရေးကျောင်း ဖောက်ခွဲတိုက်ခိုက်ခံရမှုအပေါ် အမေရိကန် ရှုတ်ချ

အာဖဂန်နစ္စတန်နိုင်ငံ ဆာမန်ဂန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူ ၁၆ ဦး သေဆုံးသော ဖောက်ခွဲ တိုက်ခိုက်မှုဖြစ်စဉ်အပေါ် အမေရိကန်က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပြီး အာဖဂန် ကလေးများ အားလုံးအနေဖြင့် အကြောက်တရား မရှိဘဲ ကျောင်းသွားနိုင်ခွင့်ရှိသည်ဟု ပြောသည်။

“ဒီမနက်မှာ ဆာမန်ဂန်ပြည်နယ်က ထိတ်လန့်ဖွယ် သတင်းတက်လာခဲ့တယ်။ ဘာသာရေး ကျောင်းတစ်ကျောင်းကို ပစ်မှတ်ထားတဲ့ ဒီတိုက်ခိုက်မှုမှာ သေဆုံး၊ ဒဏ်ရာရသူအများစုဟာ ကလေးတွေ ဖြစ်တယ်။ ဒီလိုမျိုး အပြစ်မဲ့ အရပ်သားတွေအပေါ် အသိတရားမဲ့တဲ့ တိုက်ခိုက်မှုမျိုးကို အမေရိကန်အနေနဲ့ ရှုတ်ချတယ်။ အာဖဂန်ကလေးတွေ အားလုံးအနေနဲ့ ကြောက်ရွံ့စိတ် မရှိဘဲ ကျောင်းသွားနိုင်ခွင့် ရှိရပါလိမ့်မယ်” ဟု အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်က တွစ်တာတွင် ရေးသားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ဆာမန်ဂန်ပြည်နယ်၏ အိုင်ဘက်မြို့ရှိ Jahdia ကျမ်းစာသင်ကျောင်းတွင် နိုဝင်ဘာ ၃၀ ရက်က မွန်းလွဲပိုင်း ဆုတောင်းမှုအပြီး ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှုကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရခဲ့ကြောင်း Tolo News က ဖော်ပြသည်။

လူ ၁၅ ဦးထက်မနည်း သေဆုံးကြောင်းနှင့် အခြား ဒဏ်ရာရသူ ၂၇ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆာမန်ဂန်ပြည်နယ်ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောကြောင်း Tolo News က ဖော်ပြသည်။

နိုင်ငံမြောက်ပိုင်း ဘာသာရေးကျောင်းတစ်ခုတွင် ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ကျောင်းသား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း တာလီဘန်အရာရှိတစ်ဦးက ပြောသည်။

ထိုပေါက်ကွဲမှုသည် မွန်းလွဲပိုင်း ဆုတောင်းပွဲအပြီး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတာဝန်ရှိသူများက ပြောသည်။

မြောက်ပိုင်း ဆာမန်ဂန်ပြည်နယ်၏ မြို့တော် အိုင်ဘက်တွင် ဖြစ်ပွားသော ပေါက်ကွဲမှုအတွင်း လူတချို့ ဒဏ်ရာရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် နာဖီ တာကော်က ပြောသည်။

လက်ရှိအချိန်အထိ အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ တာဝန်ခံထုတ်ဖော်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required