တရုတ်နိုင်ငံမှ Blank-Page Revolution ကို ကမ္ဘာ့နိုင်ငံများက အာရုံစိုက်လာ

တရုတ်နိုင်ငံမှ Blank-Page Revolution ကို ကမ္ဘာ့နိုင်ငံများက အာရုံစိုက်လာ

တရုတ်နိုင်ငံမှဆန္ဒပြသူများကိုင်ဆောင်သည့် စာရွက်လွတ်များသည် ကွန်မြူနစ်ပါတီအုပ်ချုပ်သော တရုတ်၏ တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအပေါ် ဆန့်ကျင်သည့် လူထုအုံကြွမှု အမှတ်လက္ခဏာဖြစ်လာသည်။ အဖြူရောင်စာရွက်လွတ်များသည် အင်တာနက်ပေါ်မှ ပယ်ဖျက်ခြင်းခံရသည့် မရေမတွက်နိုင်သော ဝေဖန်ရေး ပို့စ်များ၊ သတင်းဆောင်းပါးများ၊ ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုသော လူမှုမီဒီယာအကောင့်များအတွက် အမှတ်သညာဖြစ်ကြောင်း CNN က ရေးသားထားသည်။

ကိုဗစ်စည်းမျဉ်းဆန့်ကျင်သော ဆန္ဒပြမှုများအပေါ် တရုတ်၏ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူများနှင့်အတူ ရပ်တည်ရန်နှင့် တရုတ်အာဏာပိုင်များကို အရေးယူရန် ကမ္ဘာ့နိုင်ငံများက တောင်းဆိုမှုများပြုလုပ်လာကြသည်။

စာရွက်လွတ်တော်လှန်ရေး၏ သမိုင်းအစဉ်အလာသည် ရှည်ကြာလိမ့်မည်ဟု ဆောင်းပါးရှင် ကျန်းလီယန်းနှင့် ဘရက်လေသယာတို့က အမေရိကန်မဂ္ဂဇင်း National Review တွင် ရေးသားထားသည်။ ဂယက်ရိုက်မှုများသည် ဘက်ပေါင်းစုံမှ ဖြစ်ပေါ်လာပြီး လွတ်လပ်သောတရုတ်နိုင်ငံဖြစ်ပေါ်စေမည့် ကြီးမားသောတော်လှန်ရေးအတွက် အစပျိုးမှုဖြစ်နိုင်ဖွယ်ရှိသည်ဟု ရေးသားထားသည်။

ရှီကျင့်ဖျင်သည် ရဲဘော်ရဲဘက်များနှင့် ပြည်သူများကို အကြောက်တရားပြန်သွင်းရန်နှင့် အကောင်းဆုံးများကို သိသော မကျော်လွှားနိုင်သည့် ခေါင်းဆောင်ကြီးအဖြစ် ပုံဖော်ရန် စွမ်းအားရှိသမျှ လုပ်ဆောင်လိမ့်မည်ဟု ဆောင်းပါးရှင်များက ရေးသားထားသည်။

“နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို ပံ့ပိုးပေးဖို့၊ အင်အားအသုံးမပြုရေး တရုတ်ကို ဟန့်တားဖို့နဲ့ အထူးသဖြင့် တီယန်နန်မင် အတိုင်းအတာမျိုး နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို တားဆီးဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို အသုံးပြုသင့်ပါတယ်” ဟု ဆောင်းပါးရှင်များက ပြောသည်။

သီတင်းပတ်ကုန်က တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့နှင့်ဘဏ္ဍာရေးဗဟိုချက်ဖြစ်သည့် ရှန်ဟိုင်းမှ လူထောင်ပေါင်းများစွာက အစိုးရ၏ တင်းကျပ်သော ကိုဗစ်-၁၉ စည်းမျဉ်းများကို ဆန္ဒပြကာ တရုတ်ကွန်မြူနစ် ပါတီ၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုကို ရှုတ်ချခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly