ထီးချိုင့်မြို့နယ်၌ ၉ ရက်အတွင်း အိမ်ခြေ ၄၃၇ လုံး မီးရှို့ ဖျက်ဆီးခံရ

ထီးချိုင့်မြို့နယ်၌ ၉ ရက်အတွင်း အိမ်ခြေ ၄၃၇ လုံး မီးရှို့ ဖျက်ဆီးခံရ

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်များက နိုဝင်ဘာလ ၂၅ ရက်နေ့ မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ကိုးရက်တာကာလအတွင်း ကျေးရွာပေါင်းခုနစ်ရွာမှ အိမ်ခြေ ၄၃၇ လုံးကို မီးရှို့ဖျက်ဆီး သွားကြောင်း ထီးချိုင့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ဆူးပုံချောင်ရွာမှ အိမ်ခြေ ၃၅ လုံး၊ အင်ကြင်းကုန်းရွာမှ အိမ်ခြေ ၄၂ လုံး၊ အင်းတိန်ရွာမှ အိမ်ခြေ ၄၉ လုံး၊ အလယ်တောရွာမှ အိမ်ခြေ ၈၅ လုံး၊ လေသာရွာမှ အိမ်ခြေ ၁၈၇ လုံး၊ ကျက်သရေချောင်းရွာမှ အိမ်ခြေ ခုနစ်လုံး ၊ သရက်ချောင်းရွာ ၃၂ လုံး မီး လောင်ဆုံးရှုံးခဲ့ရကြောင်း စာရင်းဇယားများနှင့် ဖော်ပြထားသည်။

ယင်းအပြင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာသူရွာသားများ စိုက်ပျိုးရိတ်သိမ်းထားသည့် စပါးတင်းရေ ထောင်ချီပျက်စီးဆုံးရှုံးခဲ့ရပြီး လယ်ယာသုံးစက်ပစ္စည်း ကိရိယာများလည်း မီးလောင်ဆုံးရှုံး သွားကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သည် ကိုးရက်တာကာလအတွင်း တိုက်လေယာဉ်များဖြင့်လည်း ကျေးရွာများကို ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထီးချိုင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ မှ ဒီဇင်ဘာလ ၁ ရက်နေ့ အထိ ငါးရက်တာကာလအတွင်း အလယ်တောရွာ၊ လေသာရွာနှင့် အင်းတိန်ရွာ စသည့်ရွာများကို တိုက်လေယာဉ်များ အသုံးပြုကာ လေးကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်က ထီးချိုင့်မြို့နယ်အတွင်း ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို တပ်မ (၈၈) ၊ ခမရ တပ်ရင်း (၄၁၅) မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးသန်းဇော်ဝင်း (ကြည်း)က ဦးစီးလုပ်ဆောင်နေကြောင်း ထီးချိုင့် (ပအဖ)က ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required