မဇ္ဈိမ။ ။မကွေးတိုင်း ၊ ပခုက္ကူမြို့တွင် စစ်ကောင်စီက ယနေ့ ဒီဇင်ဘာ ၄ရက်နေ့မှစ၍ မြို့ပေါ်၌ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ကြောင်း လိုက်လံကြေညာ၍ ဒေသခံများ သွားလာရေးအတွက် စိုးရိမ်နေရကြောင်း မြို့နေဒေသခံများထံက သိရသည်။
"အရင်က ဆိုင်ကယ်တစ်ယောက်ပဲစီးနိုင်တယ်လို့ ပြောရာကနေ အခုမြို့ပေါ်မှာ ဆိုင်ကယ် စီးခွင့်လုံးဝမရှိတော့ဘူး။ ရပ်ကွက်တိုင်းမှာ လော်စပီကာနဲ့ လိုက်အော်ပြီး ပြောသွားတာပါ။ စစ်ကောင်စီဘက်ကစာနဲ့ ထုတ်ပြန်တာလားဆိုတာတော့ သေချာမသိဘူး" ဟု Earthquake people’s Defense Force အဖွဲ့ခေါင်းဆောင်က မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီဘက်မှ ဆိုင်ကယ်စီးနင်းခွင့် အမှန်တကယ်ပိတ်ပင်ပါက သွားလာရေး အခက်အခဲကြုံတွေ့နိုင်ပြီး ဆိုင်ကယ်ကယ်ရီ ပြေးဆွဲနေသူများတွက်လည်း အလုပ်အကိုင်မရှိလျှင် စားဝတ်နေရေးခက်ခဲလာနိုင်ကြောင်း အမည်မဖော်လိုသူ မြို့နေဒေသခံတစ်ဦးက ဆိုသည်။
“အခုကပြည်သူတွေ အကျပ်ရိုက်တာပေါ့။ မြို့ပေါ်မှာ လက်လုပ် လက်စားပြည်သူတွေ အလုပ်သွားတဲ့အချိန်မှာ ဆိုင်ကယ်စီးခွင့်မရှိတော့ဘဲ စက်ဘီးနဲ့သွားရမယ်၊ ခြေလျင်သွား ရတာတွေဖြစ်မယ်။ မြို့ပေါ်မှာ ကယ်ရီသမားတွေ၊ သုံးဘီးသမားတွေအတွက် ခက်ခဲသွားမှာ။ ခုဟာက ဆိုင်ကယ်စီးခွင့် လုံးဝမပေးတော့တာ” ဟု အဆိုပါဒေသခံက ပြောသည်။
ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့တွင် မော်တော်ဆိုင်ကယ် လုံးဝ(လုံးဝ) မောင်းနှင်ခြင်း မပြုလုပ်ရန် စစ်ကောင်စီမှ မတရားသော အမိန့်ကြေညာကာ ကောလာဟလ ခြိမ်းခြောက်သတင်းများ ထွက်ပေါ်လျက်ရှိသည်ဟု
ပခုက္ကူ လူထုတိုက်ပွဲကော်မတီက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
ယခုကဲ့သို့ ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ပိတ်ပင်ခြင်း၊ လူ့အခွင့်အရေး ထိပါးခြင်းနှင့် မတရားမှုများ ပြုလုပ်သည့်အတွက် အာဏာသိမ်းစစ်ကောင်စီအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သည်ဟု ပခုက္ကူလူထုတိုက်ပွဲကော်မတီက ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ပခုက္ကူမြို့တွင် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၄ရက်နေ့ ရက်စွဲပါအမိန့်ဖြင့် နံနက် ၈ နာရီမှ ညနေ၆နာရီအတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့် မပြုလုပ်ရန် အမိန့်တားမြစ်ခြင်း၊ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုနှင့် စပ်လျဉ်း၍ လည်းစစ်ကောင်စီတပ်သားများမှ နှုတ်အားဖြင့်လည်းကောင်း ၊ ကာယအားဖြင့် လည်းကောင်း မဖွယ်မရာပြုမူခြင်းများ ရှိနေသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။မောင်ကောင်း