ဟင်္သာတခရိုင်က NLD လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် ၆ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်

ဟင်္သာတခရိုင်က NLD လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် ၆ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်

ဒီဇင်ဘာလ ၃ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်က NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အပါအဝင် စုစုပေါင်း ခြောက်ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည့် ဗီနိုင်းများ လိုက်ကပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဟင်္သာတမြို့နယ် NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းနှင့် လေးမျက်နှာမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းတို့အပြင် ဟင်္သာတမြို့ပေါ်နေ ဒေါ်သင်းရွှေစင်လှိုင်၊ ဦးမောင်မောင်စန်း၊ ဦးမျိုးသူရကိုကို၊ ဦးရဲရင့်မောင်တို့ ဖမ်းဝရမ်းထုတ်ခံခဲ့ရခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်များနှင့် ရဲများက ၎င်းတို့ ခြောက်ဦးပုံပါ ဗီနိုင်းများကို ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဘဏ်ရှေ့၊ တရားရုံးရှေ့၊ မြို့အဝင်ဂိတ်များနှင့် လူစည်ကားရာနေရာများတွင် လိုက်ကပ်နေခြင်းဖြစ်သည်ဟု ဝရမ်းထုတ်ခံရသူများအနက် တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဖမ်းဝရမ်းထုတ်ခံရမှုနှင့် ပတ်သက်၍ မည်သည့်ခံစားချက်မျှ မရှိကြောင်း ၊ ၎င်းတို့အနေဖြင့် လုပ်ဆောင်ရန်ရှိသည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးအေးမင်း၊ ဦးဇော်မင်းသိန်းနှင့် ဦးမောင်မောင်စန်းတို့က မဇ္စျိမကို ပြောသည်။

"ဒီလူတွေဟာ(ဝရမ်းထုတ်ခံရသူများ) ဒီဇာတိမှာမွေး၊ ဒီဇာတိမှာကြီးခဲ့ကြသူတွေ၊ ဒီအချိန်ထိ ဒီဇာတိမှာ နာမည်ပျက်မရှိ နေခဲ့ကြသူတွေပါ။ ဒီဇာတိလေး အကျိုးကိုသာ စွမ်းနိုင်သမျှ လုပ်ခဲ့ကြသူတွေကို အကြမ်းဖက်လို့ ခေါင်းစဉ်တပ်ဖို့အတွက် ဒီလူတွေရဲ့သမိုင်းကို ပြန်ကြည့်စေချင်တယ်။ကျွန်မကတော့ ပရဟိတသမားစစ်စစ်ပဲ ဖြစ်ချင်ခဲ့တာ၊ အဲ့ဒီအတွက် ကျွန်မကူညီတဲ့အထဲမှာ အကူအညီလိုသူ အားလုံးပါပါတယ်။ ဒီလူတွေထဲမှာ သူတို့ သဘောကျသူ ပါသလို၊ မကျသူလည်း ပါမယ်ပေါ့၊ အဲ့ဒီအတွက် အကြမ်းဖက်အားပေး၊ အကြမ်းဖက်ထောက်ပံ့လို့ စွပ်စွဲမယ်ဆိုရင်တော့ ဘာမှပြောစရာ မရှိပါဘူး" ဟု ဖမ်းဝရမ်းထုတ်ခံရသူ ဒေါ်သင်းရွှေစင်လှိုင်က ပြောသည်။

အသက် (၃၂) နှစ်အရွယ် ဒေါ်သင်းရွှေစင်လှိုင်သည် ဟင်္သာတမြို့ပေါ်တွင် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ခဲ့သူဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် လက်ရှိ ဖမ်းဝမ်းထုတ်ခံရသည့် ဦးအေးမင်း၊ ဦးဇော်မင်းသိန်း ၊ဒေါ်သင်းရွှေစင်လှိုင်၊ ဦးမောင်မောင်စန်းတို့၏ နေအိမ်များအပါအဝင် ဟင်္သာတမြို့ပေါ်ရှိ နေအိမ် ခြောက်လုံးကို ချိပ်ပိတ်ထားသည်။

လက်ရှိတွင် NLD လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းနှင့် ဦးဇော်မင်းသိန်း အပါအဝင် ဖမ်းဝရမ်းထုတ်ခံရသူ ခြောက်ဦးသည် စစ်အုပ်စုနှင့်ရဲများက လိုက်လံဖမ်းဆီးနေသည့်အတွက် ရှောင်တိမ်းနေကြသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က အင်္ဂပူမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦး၊ ကြံခင်းမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လေးဦးနှင့် ဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းတို့ကို ဖမ်းဝရမ်းထုတ်သည်ဟုဆိုကာ လူစည်ကားရာ နေရာများ၌ ဗီနိုင်းများလိုက်ကပ်ခဲ့သေးသည်ဟု ဒေသခံများကပြောသည်။

"ပထမ တစ်ခါဝရမ်းထုတ်ခံရတဲ့အထဲမှာ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းပါတယ်။ အခုတစ်ခါ ထပ်ထုတ်တဲ့အထဲမှာလည်း ဦးအေးမင်းပါတယ်။ ဘယ်လိုဖြစ်တာလဲတော့ မသိဘူး"ဟုဆိုသည်။

စစ်ကောင်စီတပ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း NLD လွှတ်တော်ကိုယ်စား လှယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို အကြောင်းမဲ့လိုက်လံဖမ်းဆီးခြင်း၊ ၎င်းတို့ဖမ်းဆီးမည့်သူများအား မတွေရှိပါက နေအိမ်ချိပ်ပိတ်ခြင်း၊ မိသားစုဝင်များကို ဖမ်းဆီးခြင်းများ ပြုလုပ်လျှက်ရှိသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly