ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာကို စစ်ကောင်စီတပ်များ ဝင်ရောက် မီးရှို့ဖျက်ဆီး

ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာကို စစ်ကောင်စီတပ်များ ဝင်ရောက် မီးရှို့ဖျက်ဆီး

ဒီဇင်ဘာလ ၃ ရက်

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ညောင်လှကျေးရွာကို ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင် ရောက်လာပြီးနောက် ကျေးရွာကိုမီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်-ထောက်ပံ့ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

“ အခုလောလောဆယ် ညောင်လှကျေးရွာမှာ စစ်ကြောင်းထိုးပြီး ရွာကို မီးတင်ရှို့နေ ပြီလို့သိရတယ်” ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် မူးမြစ်တစ်ဖက်ကမ်း ရွှေဘိုမြို့နယ် မအူပင် ကျေးရွာမှနေ၍ ဒီပဲယင်းအရှေ့ခြမ်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင်း ဒီပဲယင်း အရှေ့ခြမ်းက ပြည်သူ ၁၃ ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လောလောလတ်လတ်မှာပဲ ရွှေဘိုနယ်ဖက်ခြမ်းပေါ့နော်။ ဒီပဲယင်းနဲ့ဆို မူးမြစ်ကလေး ပဲခြားတယ်။ အဲ့ဒီ မအူပင် ဆိုတဲ့ရွာကနေ မီးရှို့ရင်း လက်နက်ကြီးနဲ့ ထုတော့ ဒီပဲယင်း မြို့နယ် အရှေ ခြမ်းက မူးရိုးကုန်းရွာက ပြည်သူ ၁၃ ဦး လက်နက်ကြီး ကျည်စထိ မှန်ပြီးတော့ ဒဏ်ရာရတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူကဆိုသည်.

လက်ရှိတွင် ဒီပဲယင်း မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရန် ဦးတည်နေသည့် စစ်ကောင်စီတပ် စစ်ကြောင်း သုံး ကြောင်းရှိနေပြီး ညောင်လှ ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့နေသည့်အတွက် ဒေသခံပြည်သူများ ထွက်ပြေးတိမ်း ရှောင်နေရ ကြောင်းသိရသည်။

“ လက်ရှိကို ရှို့နေပြီဆိုတော့ သူတို့(စစ်ကောင်စီတပ်) ဘယ်နှစ်ရွာကို မီးရှို့ဖျက်ဆီး ဦးမလဲဆိုတာ စောင့်ကြည့် နေရတဲ့အနေအထားပေါ့ဗျာ။ ပြည်သူတွေ အနေနဲ့ တော့ ဘာမှ မတတ်နိုင်ဘူး။ သူတို့ စစ်ကြောင်း ဦးတည်တဲ့နေရာက ပြည်သူတွေကတော့ ပြေးနေရပြီ” ဟု ဒီပဲယင်း မြို့နယ် ညီနောင်များ အဖွဲ့ တာဝန်ရှိသူ ကပြောသည်။

စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များ ဖြစ်သည့် ကန့်ဘလူ မြို့နယ် ၊ ခင်ဦး မြို့နယ် ၊ ရွှေဘိုမြို့နယ် နှင့် ယင်းမာပင်မြို့နယ်များရှိ ကျေးရွာများကို ပြီးခဲ့သည့် နိုဝင်ဘာ လ လယ်မှ စတင်ကာ စစ်ကြောင်းထိုးဝင်ရောက်၍ နေအိမ် များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကိုလုယက်ခြင်းနှင့် အပြစ်မဲ့ဒေသခံပြည်သူ များအား နှိပ်စက်သတ်ဖြတ်ခြင်းများကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly