အီရန်၊ တရုတ်နှင့် မြန်မာအပါအဝင် နိုင်ငံများအား ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်စရာနိုင်ငံများအဖြစ် အမေရိကန် သတ်မှတ် 

အီရန်၊ တရုတ်နှင့် မြန်မာအပါအဝင် နိုင်ငံများအား ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်စရာနိုင်ငံများအဖြစ် အမေရိကန် သတ်မှတ် 

ဒီဇင်ဘာလ ၃ ရက်

တရုတ်၊ အီရန်နှင့် ရုရှနိုင်ငံ အပါအဝင် နိုင်ငံများသည် ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေအရ အထူးစိုးရိမ်စရာ နိုင်ငံများအဖြစ် အမေရိကန်က သောကြာနေ့တွင် သတ်မှတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ပြောသည်။ 

မြောက်ကိုရီးယားနှင့် မြန်မာအပါအဝင်ဖြစ်သော အထူးစိုးရိမ်စရာအဖြစ် သတ်မှတ်ခံရသော ယင်းနိုင်ငံများသည် ဘာသာရေးလွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေကြောင်း ဘလင့်ကင်က ထုတ်ပြန်ချက်တစ်ရပ်၌ ဆိုသည်။ 

အယ်လ်ဂျီးရီးယား၊ ဗဟိုအာဖရိကပြည်ထောင်စု၊ ကိုမိုရိုစ်နှင့် ဗီယက်နမ်နိုင်ငံတို့မှာ စောင့်ကြည့်စာရင်းတွင် ပါဝင်သည်။ 

ရုရှနှင့် ဆက်စပ်သော ဆီးရီးယား၊ အာဖရိကနှင့် ယူကရိန်းတို့တွင် လှုပ်ရှားဆောင်ရွက်မှုများ ရှိနေသည့် ပုဂ္ဂလိက အကူတပ်ဖွဲ့ Wagner Group ပါအဝင် အခြား အဖွဲ့အစည်းများလည်း အထူးစိုးရိမ်ရသည့် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခံရသည်။ Wagner အုပ်စုကို ဗဟိုအာဖရိကပြည်ထောင်စု၌ ၎င်း၏ လုပ်ဆောင်ချက်များအားဖြင့် ယခုကဲ့သို့ သတ်မှတ်စာရင်း သွင်းရခြင်းဖြစ်သည်ဟု ဘလင့်ကင်က ပြောသည်။ 

“ကမ္ဘာတစ်လွှားမှာ အစိုးရတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့တွေဟာ ဘာသာရေး ယုံကြည်ချက်အရ သီးခြားဖြစ်နေသူတွေကို နှောင့်ယှက်တိုက်ခိုက်တာ၊ ခြိမ်းခြောက်တာ၊ ဖမ်းဆီးထောင်ချတာနဲ့ သတ်ဖြတ်တာတွေပါ ရှိနေတယ်”ဟု ထုတ်ပြန်ချက်၌ ဘလင့်ကင်က ပြောသည်။ 

“ဒီလို မတော်မတရား အလွဲသုံးစား လုပ်ရပ်တွေနဲ့ ရင်ဆိုင်ရာမှာ အမေရိကန်က သည်းခံနေမှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။ 

ယခု စာရင်းမှ ပယ်ဖျက်ခံရရေးအတွက် လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် အစိုးရတိုင်းက ဖော်ဆောင်လာမည့် အခွင့်အရေးများကို အမေရိကန်အနေဖြင့် ကြိုဆိုသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly