မြန်မာစစ်တပ်က အတိုက်အခံများကို ‘ချေမှုန်းရန်’ သေဒဏ်ကို အသုံးပြုနေဟု ကုလသမဂ္ဂ ပြော 

မြန်မာစစ်တပ်က အတိုက်အခံများကို ‘ချေမှုန်းရန်’ သေဒဏ်ကို အသုံးပြုနေဟု ကုလသမဂ္ဂ ပြော 

ဒီဇင်ဘာလ ၃ ရက်

မြန်မာစစ်တပ်သည် ၎င်း၏ အုပ်ချုပ်မှုကို အတိုက်အခံပြုမှုများအား ချေမှုန်းရန် လက်နက်အဖြစ် သေဒဏ်အပြစ်စီရင်ခြင်းကို အသုံးပြုနေပြီး ၂၀၂၁ ဖေဖော်ဝါရီမှစကာ စစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင့်သူ ၁၃၀ ကျော်အား သေဒဏ်ချမှတ်ထားကြောင်း အကြီးတန်း ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

တက္ကသိုလ်ကျောင်းသားကျောင်းသူ ခုနစ်ဦးကို တံခါးပိတ်တရားရုံး၌ ဗုဒ္ဓဟူးနေ့က သေဒဏ်စီရင်ချက် ချမှတ်ခဲ့ပြီး လူငယ်တက်ကြွလှုပ်ရှားသူ လေးဦးကိုလည်း ကြာသပတေးနေ့တွင် ပြစ်ဒဏ်ချမှတ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်ကာ တက်ခ်က သောကြာနေ့တွင် ပြောသည်။ 

သေဒဏ်ပေး စီရင်ခြင်းများ အားလုံး ရပ်ဆိုင်းရန်နှင့် မြန်မာစစ်အာဏာသိမ်းအုပ်စုအနေဖြင့် သေဒဏ်အပြစ်ဒဏ်ကို တရားဝင်ဆိုင်းငံ့ထားရန် တက်ခ်က တိုက်တွန်းသည်။ 

“စစ်တပ်ဟာ မျှတတဲ့ တရားစီရင်ရေး အခြေခံမူဘောင်ကို ချိုးဖောက်ပြီး လျှို့ဝှက်တရားရုံးမှာ တရားစီရင်ခြင်းတွေကို ဆက်လက်ကျူးလွန်နေတယ်၊ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ အဓိက တရားစီရင်ရေး အာမခံကို ဆန့်ကျင်ဖီလာနေတယ်”ဟု ထုတ်ပြန်ချက်၌ တက်ခ်က ပြောဆိုသည်။ “စစ်တပ်တရားရုံးဟာ ပွင့်လင်းမြင်သာမှု ဘယ်လိုမှ မရှိဘဲ မျှတတဲ့ တရားစီရင်ရေး အာမခံချက်တွေကို ဆန့်ကျင်နေတာ ဖြစ်တယ်”ဟု ၎င်းက ထုတ်ပြန်ချက်၌ ဆိုသည်။  

စစ်တပ်သည် “အတိုက်အခံများကို နှိမ်နင်းရန် နိုင်ငံရေးလက်နက်အဖြစ် သေဒဏ်အား အသုံးပြုနေခြင်း” ဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို မထီမဲ့မြင်ပြုခြင်းအား ပြသနေကြောင်း ၎င်းက ပြောသည်။ 

ဧပြီ ၁၂ ရက်က ဖမ်းဆီးခံရသော အသက် ၁၈ မှ ၂၄ နှစ်ကြား တက္ကသိုလ်ကျောင်းသားကျောင်းသူ ခုနစ်ဦးကို ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ရှိ စစ်တရားရုံးတစ်ရုံးက ဗုဒ္ဓဟူးနေ့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံ၏ အကြီးဆုံး ရန်ကုန်မြို့ရှိ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကြာသပတေးနေ့တွင် ၎င်းတို့၏ ဖေ့ဘုတ်၌ ကြေညာသည်။  

အဆိုပါ ခုနစ်ဦးသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေသည့် မြို့ပြပျောက်ကြားအဖွဲ့တစ်ဖွဲ့နှင့် ချိတ်ဆက်သည် စွပ်စွဲကာ ဧပြီလအတွင်းက ဘဏ်ရုံးခွဲမန်နေဂျာတစ်ဦးကို ပစ်ခတ်မှုဖြင့် စွဲဆိုလျက် လူသတ်မှုဖြင့် စီရင်ခြင်းဖြစ်ကြောင်း သမဂ္ဂ အမှုဆောင်တစ်ဦးက ပြောသည်။  

စစ်တပ်က အာဏာသိမ်းကာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချချိန်မှစပြီး လူပေါင်း ၂,၀၀၀ ဝန်းကျင် သတ်ဖြတ်ခံရကြောင်း စစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်ထူထောင်ထားသော အရပ်သားအစိုးရ၏ အကြီးအကဲ ဒူဝါလရှီးလက ပြောထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly