အာဖဂန်နစ္စတန်-ပါကစ္စတန် အဝေးပြေးလမ်းကို ပိတ်ဆို့ဆန္ဒပြရန် ပါကစ္စတန် မျိုးနွယ်စုကောင်စီ ဆုံးဖြတ်

အာဖဂန်နစ္စတန်-ပါကစ္စတန် အဝေးပြေးလမ်းကို ပိတ်ဆို့ဆန္ဒပြရန် ပါကစ္စတန် မျိုးနွယ်စုကောင်စီ ဆုံးဖြတ်

ပါကစ္စတန်နိုင်ငံတွင် ဖက်ဒရယ်အစိုးရက တိုက်ရိုက်အုပ်ချုပ်သော မျိုးနွယ်စုဧရိယာများ (FATA) နှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တို့ကို လူမျိုးနွယ်စုအားလုံးနှင့် ပြည်သူများ၏ သဘောဆန္ဒမပါဘဲ ပေါင်းစည်းလိုက်ခြင်းအပေါ် ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် မျိုးနွယ်စုကောင်စီတစ်ခုက အာဖဂန် နစ္စတန်-ပါကစ္စတန် အဝေးပြေးလမ်းမကြီး၏ ဂျမ်ရတ်ဒ် လမ်းလွှဲနေရာ၌ ပိတ်ဆို့ထားရန် ဆုံးဖြတ် ခဲ့သည်။

ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်နှင့် FATA ပေါင်းစည်းခြင်းအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် ဂျမ်ရတ်ဒ် လမ်းလွှဲအနီးတွင် ဆန္ဒပြစုဝေးစခန်းတစ်ခုကိုလည်း လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း ပါကစ္စတန် တိုင်းရင်းဘာသာ မီဒီယာဖြစ်သည့် Aeen က ဖော်ပြသည်။

ထိုကဲ့သို့ ပေါင်းစည်းခြင်းက ဒေသရှိ သဘာဝရင်းမြစ်များကို သိမ်းယူမည့် လျှို့ဝှက်ပူးပေါင်းကြံစည်ချက်တစ်ခုသာ ဖြစ်ကြောင်း၊ ထိုကိစ္စကို လက်မခံနိုင်ကြောင်းနှင့် အဆိုပါ အကြံအစည်အောက်တွင် FATA ၏ ဒေသခံပြည်သူများကို ကျေးကျွန်များ ဖြစ်စေသည့်အတွက် မိမိတို့အနေဖြင့် သည်းခံသွားမည် မဟုတ်ကြောင်း မျိုးနွယ်စုကောင်စီ အကြီးအကဲများဖြစ်ကြသည့် အဖာဆာယက်ဒ် အာဖရီဒီ၊ ရှား ဘာဟာဒါ အာဖရီဒီနှင့် အခြားလူတချို့က ပြောသည်။

တရားမဝင် အခွန်အကောက်များ ကောက်ခံမှုကို ရုပ်သိမ်းသင့်ကြောင်း၊ အမျိုးသားလွှတ်တော်နှင့် အထက်လွှတ်တော်တို့တွင် အမတ်နေရာများ မူလအတိုင်း ပြန်လည်ထားရှိသင့်ကြောင်း၊ မျိုးနွယ်စုများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်း တန်ဖိုးများကို မူလအတိုင်း ပြန်လည်ထိန်းသိမ်းသင့်ကြောင်းနှင့် FATA သည် သီးခြားပြည်နယ်တစ်ခုသာဖြစ်သင့်ကြောင်း ၎င်းတို့က တောင်းဆိုခဲ့ကြသည်ဟု Daily Pakistan မီဒီယာက ဖော်ပြသည်။

ဖက်ဒရယ်က အုပ်ချုပ်သော မျိုးနွယ်စုဧရိယာများ (FATA) ကို ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်နှင့် ပေါင်းစည်းပြီးနောက်ပိုင်း FATA ၏ ဒေသခံပြည်သူများသည် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်။

ပေါင်းစည်းပြီးနောက်ပိုင်း ၃နှစ်ကြာလာချိန်တွင် မျိုးနွယ်စုဝင် ဒေသခံများသည် ပျော်ရွှင်နိုင်ခြင်း မရှိသလို သက်ဆိုင်ရာ အစိုးရများက ချမှတ်သည့် အစီအမံများနှင့် မူဝါဒများနှင့်ပတ်သက်ပြီး မကျေမနပ်ဖြစ်နေရကာ ၎င်းတို့၏ ပြဿနာများက တစ်နေ့တခြား တိုးလာနေကြောင်း ပါကစ္စတန် တိုင်းရင်းဘာသာ မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly