ပါကစ္စတန် ဂွာဒါမြို့တွင် ဒေသခံများက ရပိုင်ခွင့်များအတွက် တောင်းဆိုဆန္ဒပြမှုများ ပြန်လည်လုပ်ဆောင်

ပါကစ္စတန် ဂွာဒါမြို့တွင် ဒေသခံများက ရပိုင်ခွင့်များအတွက် တောင်းဆိုဆန္ဒပြမှုများ ပြန်လည်လုပ်ဆောင်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ဂွာဒါဆိပ်ကမ်းမြို့တွင် ဆန္ဒပြသူများ လမ်းများပေါ် တစ်ဖန် ပြန်ရောက်လာခဲ့ကြပြီး ၎င်းတို့၏ ရပိုင်ခွင့်များအတွက် ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်နေကြသည်။ အာဏာပိုင်တို့ဘက်က ပေးထားသည့် ကတိကဝတ်များအတိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးမှု မရှိခြင်းကြောင့် ယခုအခါ ဆန္ဒပြသူများက ၎င်းတို့၏ အခွင့်အရေး ရပိုင်ခွင့်များနှင့်ပတ်သက်၍ မဖြစ်မနေ ပြန်လည် ဆန္ဒထုတ်ဖော်လာရခြင်းဖြစ်သည်။

ယမန်နှစ် အလားတူ အချိန်ကလည်း အမျိုးသမီးများနှင့် ကလေးများ အပါအဝင် သောင်းနှင့်ချီသော ဆန္ဒပြသူများသည် ၎င်းတို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရေး အာဏာပိုင်တို့ကို တောင်းဆိုကာ Haq Do Tehreek ခေါင်းစဉ်အောက်တွင် တစ်လကြာ ထိုင်သပိတ်တစ်ခုကို လုပ်ဆောင်ခဲ့သည်။

ဆန္ဒပြသူများ၏ တောင်းဆိုချက်များတွင် ဘာလိုချီစတန်ကမ်းရိုးတန်း ပြင်ပတွင် တရားမဝင် ငါးဖမ်းမှုများ အဆုံးသတ်ရေး၊ ကျန်းမာရေး အထောက်အပံ့များနှင့် သောက်သုံးရေတို့ ဖြည့်ဆည်းထောက်ပံ့ပေးရေးတို့ ပါဝင်သည်။

ထိုစဉ်က အာဏာရနေခဲ့သည့် ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ ဦးဆောင်သော အစိုးရသည် ဝန်ကြီးတချို့ကို စေလွှတ်ပြီး မော်လာနာ ဟီဒါယက်-အူ-ရာမန် ဦးဆောင်သော ဆန္ဒပြသူများကို ဖျောင်းဖျခဲ့သလို ဆန္ဒပြသူများ၏ မကျေနပ်ချက်များကို ဖြေရှင်းပေးမည်ဟု ပြောခဲ့သည်။

အလားတူ ဘာလိုချီစတန်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ဆန္ဒပြသူများ၏ တောင်းဆိုချက်များနှင့် ပတ်သက်ပြီး ဖြည်ဆည်းဆောင်ရွက်ပေးမည်ဆိုသည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးခဲ့သည်။

ထိုစဉ်က ပါကစ္စတန်ဝန်ကြီးချုပ်ဖြစ်သည့် အီမရန် ခန်းကလည်း ဆန္ဒပြသူတို့၏ တောင်းဆိုချက်များက အလွန်ပင် သဘာဝကျကြောင်း ပြောခဲ့သည်။

ယခုတစ်ကြိမ် ဆန္ဒပြရာတွင် ယခင် တောင်းဆိုချက်များဖြစ်သည့် ဆွဲပိုက်ချသင်္ဘောများဖြင့် တရားမဝင် ငါးဖမ်းမှုများ ပပျောက်စေရေး၊ ပျောက်ဆုံးနေသူများ ပြန်ရှာတွေ့ရေး၊ အီရန်နှင့် နယ်စပ်ကုန်သွယ်မှုတွင် အမြင့်ဆုံး လိုက်လျောချက်များ ပေးရေးနှင့် ဆိပ်ကမ်းမြို့နှင့် ပတ်သက်သည့် အခြားသော အရပ်ဖက်ကိစ္စရပ်များ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required