အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား နယ်စပ်တင်းမာမှုများ အရှိန်မြင့်လာ

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား နယ်စပ်တင်းမာမှုများ အရှိန်မြင့်လာ

ပါကစ္စတန်သည် လက်ရှိအချိန်တွင် နယ်စပ်ပြည်နယ်များ၌ ဖြစ်ပေါ်နေသော လုံခြုံရေး အခြေအနေကိုသာမက မိမိကိုယ်ကိုယ် ယုံကြည်လွန်းသော အာဖဂန်တာလီဘန်တို့ကို ရင်ဆိုင်နေရသည်။ အာဖဂန်နစ္စတန်တွင် အာဏာပြန်ရနေသော တာလီဘန်တို့သည် ပါကစ္စတန်-အာဖဂန် နယ်စပ်မျဉ်း (ဒူရန်းမျဉ်း) နှင့်ပတ်သက်ပြီး ပိုနေမြဲ ကျားနေမြဲ အခြေအနေအပေါ် တစ်ဖက်သတ် ပြောင်းလဲခြင်းကို လက်ခံရန် ဆန္ဒမရှိဘဲ ဖြစ်နေသည်။

ဒူရန်းမျဉ်းတစ်လျှောက် မကြာသေးခင်က အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား နယ်စပ်တင်းမာမှုများက မကြုံစဖူးသော အခြေအနေတစ်ခုကို ရောက်ရှိနေကြောင်း Voice of Vienna က ဖော်ပြသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်က အာဖဂန်နစ္စတန်ဘက်ခြမ်းမှ လက်နက်ကိုင် အမျိုးသားတစ်ဦးသည် ချစ်ကြည်ရေးဂိတ်ဟု သိကြသော ချာမန်း-စပင် ဘိုးဒက် နယ်စပ်ဖြတ်ကျော်နေရာ၌ တာဝန်ကျနေသော ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့သည့်အတွက် ပါကစ္စတန် စစ်သားတစ်ဦး သေဆုံးပြီး အခြား ၂ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ထို့နောက်ပိုင်း ပါကစ္စတန်အာဏာပိုင်တို့သည် ချာမန်းနယ်စပ်တွင် စီးပွားရေးဆက်ဆံပတ်သက်မှုများနှင့် ကုန်သွယ်မှုများကို သီတင်းတစ်ပတ်ကျော်ကြာ ပိတ်သိမ်းရပ်နားထားခဲ့ရာတွင် နယ်စပ်၏ နှစ်ဖက်စလုံးတွင် နေထိုင်သော ပက်ရှ်တွန် မျိုးနွယ်စုဝင်များအတွက် လူသားချင်းစာနာမှု အကျပ်အတည်းတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ကြောင်း Voice of Vienna က ဖော်ပြသည်။

အာဖဂန်တာလီဘန်တို့နှင့် ပါကစ္စတန် အရာရှိများအကြား အလံတင်အစည်းအဝေးများ ပြုလုပ်ပြီးနောက် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်နေရာကို နိုဝင်ဘာ ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required