လစ်သူယေးနီးယားပါလီမန်တွင် တိဗက်နှင့် လူ့အခွင့်အရေးကိစ္စရပ်များ ဆွေးနွေး

By Tibet rights collective
01 December 2022
လစ်သူယေးနီးယားပါလီမန်တွင် တိဗက်နှင့် လူ့အခွင့်အရေးကိစ္စရပ်များ ဆွေးနွေး

အမေရိကန်လွှတ်တော်အမတ်များက တင်သွင်းထားသည့် အဆိုပြုချက်ကို ထောက်ခံသည့် အနေဖြင့် လစ်သူယေးနီးယားပါလီမန်မှ တိဗက်အရေးကို ထောက်ခံသည့် အဆိုတစ်ရပ် ချမှတ်ရန် ၁၄ ဆက်မြောက် ဒလိုင်းလားမား၏ ဥရောပမြောက်ပိုင်း၊ ပိုလန်နှင့် ဘောလ်တစ်ပြည်နယ်များအတွက် ကိုယ်စားလှယ် ဆိုနမ် ဆာရင်းဖာရီက တောင်းဆိုလိုက်သည်။

" တိဗက်ပြဿနာက မဖြေရှင်းနိုင်သေးတဲ့ နိုင်ငံတကာ ပဋိပက္ခနဲ့ နိုင်ငံတကာ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ် ဆိုတာအသိအမှတ်ပြုပြီး အမေရိကန်အထက်လွှတ်တော်မှာ ရောက်ရှိနေတဲ့ ဥပဒေမူကြမ်းကို ထောက်ခံတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်မလားဆိုတာ ကျွန်တော် လစ်သူယေးနီးယားပါလီမန်ကို မေးချင်ပါတယ်" ဟု ဗီနပ်စ်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဖာရီက ပြောကြားခဲ့သည်။

"ဒီလိုမျိုး လစ်သူနီးယန်းရဲ့ ဆုံးဖြတ်ချက်က တိဗက်ကို ကူညီရဲတဲ့ နိုင်ငံတွေ ပိုမိုများလာစေပါလိမ့်မယ်" ဟု ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

"တိဗက်အတွက် လစ်သူယေးနီးယားလူမျိုးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးကူညီမှုတွေကို အစဉ်လေးစားနေ ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပြည်ပရောက်တိဗက်လွှတ်တော်မှ အဖွဲ့ဝင် ၃ ဦးပါဝင်သည့် တိဗက်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုများကို လစ်သူယေးနီးယားပါလီမန်က ပြုလုပ်ခဲ့သည်။

၁၄ ဆက်မြောက်ဒလိုင်းလားမား၏ ဥရောပမြောက်ပိုင်း၊ ပိုလန်နှင့် ဘောလ်တစ်ပြည်နယ်များအတွက် ကိုယ်စား လှယ် ဖာရီနှင့်အတူ တိဗက်ပါလီမန်အမတ် အော်ခက်ဆန်း၊ ယာဖယ်နှင့် ဒေါ်ဂျာတို့ လစ်သူယေးနီးယားသို့ လာရောက်ခဲ့သည်။

ယူကရိန်းကို ရုရှား၏ ၉ လကြာတိုက်ခိုက်မှုက ဖော်ပြနေသည်မှာ ဒီမိုကရေစီကိုအခြေခံသည့် နိုင်ငံတကာ အစီအစဉ်ကို တရုတ်နှင့် ယင်း၏ မဟာမိတ်များက ပြောင်းလဲလိုနေကြောင်း အဝေးရောက် တိဗက်ပါလီမန် အမတ် အောက်ခက်ဆန်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ တိဗက်လူမျိုးတွေကို တရုတ်က ၁၉၅၀ ပြည့်နှစ်မှာ ကျူးကျော်ခဲ့ပြီး အာဏာရှင်အစိုးရရဲ့ ဖိနှိပ်မှုကို ဆက်လက်ခံနေရပါတယ်” ဟု အောက်ခက်ဆန်းက ပြောကြားခဲ့သည်။

၁၉၅၁ ခုနှစ်တွင် တရုတ်စစ်တပ်သည် လွတ်လပ်ရေးကြေညာခဲ့သည့် တိဗက်နယ်မြေကို ကျူးကျော်ဝင်ရောက် ခဲ့သောကြောင့် တိဗက်လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required