တရုတ်သမ္မတက ကမ္ဘာအနှံ့သြဇာလွှမ်းမိုးရန် ကြိုးစားနေသော်လည်း နိုင်ငံတကာခေါင်းဆောင်များက ဆက်လက် ထိပ်တိုက် ရင်ဆိုင်နေ

တရုတ်သမ္မတက ကမ္ဘာအနှံ့သြဇာလွှမ်းမိုးရန် ကြိုးစားနေသော်လည်း နိုင်ငံတကာခေါင်းဆောင်များက ဆက်လက် ထိပ်တိုက် ရင်ဆိုင်နေ

အင်ဒိုနီးရှားတွင် ကျင်းပခဲ့သည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၌ကမ္ဘာ့သြဇာလွှမ်းမိုးရေးကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြိုးစားခဲ့သလို သူ့အနေဖြင့် ထိုင်ဝမ်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အနောက်နိုင်ငံအကြီးအကဲများ၏ ပြောကြာချက် အများအပြားကို နားထောင်ခဲ့ရသည်။

တရုတ်သမ္မတအဖြစ် ပြန်လည်အရွေးခံရပြီးနောက် ရှီကျင့်ဖျင်သည် ပိုမိုဩဇာကြီးမားလာသော်လည်း ကမ္ဘာ့ ခေါင်းဆောင်များ၏ မေးခွန်းထုတ်ဝေဖန်မှုများကို ဆက်လက်ခံနေရဆဲဖြစ်ကြောင်း The Singapore Post သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင်ကျင်းပခဲ့သည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတက ကမ္ဘာ့ခေါင်းဆောင်တချို့နှင့်လည်း ဆွေးနွေးမှုများ လုပ်ဆောင် ခဲ့သည်။

တင်းမာမှုများ လျော့ချစေရန် ကြိုးပမ်းသည့်အနေဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ၃ နာရီကြာဆွေးနွေး ချိန်တွင် အမေရိကန်က ယင်း၏ မဟာမိတ်များဖြစ်သည့် ထိုင်ဝမ်နှင့် တောင်ကိုရီးယားတို့၏ လုံခြုံရေးကို ထိခိုက် စေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

“သဘောမတူတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်” ဟု အမေရိကန် သမ္မတ၏ တွေ့ဆုံမှုအပြီး ကြေညာချက်တွင် ဘိုင်ဒင်က ပြောကြားကာ တရုတ်က ထိုင်ဝမ်အပေါ် အကျပ်ကိုင်သည့် လုပ်ရပ်များကို ဆန့်ကျင်ကြောင်း သတိပေးခဲ့သည်။ တရုတ်၏ စစ်ရေးဆောင်ရွက်မှုသည် ဒေသတွင်း မတည် မငြိမ်ဖြစ်စေပြီး ကမ္ဘာလုံးဆိုင်ရာ သာယာဝပြောရေးကို ထိခိုက်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထိုင်ဝမ်ကိစ္စ အမေရိကန်၏ အစဖော်မှုသည် တရုတ်သမ္မတအတွက် သတင်းကောင်းမဟုတ်ခဲ့ပေ။ ထိုင်ဝမ် လွတ်လပ်ရေး အတွက် အမေရိကန်က အပြင်းအထန် ထောက်ခံနေခြင်းကြောင့် တရုတ်၏ အင်အားသုံး သိမ်းပိုက်မှုကို ဆန့်ကျင်ကြောင်း The Singapore Post သတင်းစာက ဖော်ပြခဲ့သည်။

ထိုင်ဝမ်အရေးသည် မဖြတ်ကျော်ရမည့် "ပထမဆုံး ကန့်သတ်မျဉ်း" ဖြစ်သည်ဟု အဆိုပါကိစ္စကို စည်းမကျော်ရန် ရှီက ဘိုင်ဒင်ကို ပြတ်ပြတ် သားသားပြောကြားခဲ့သည်။

တိဗက်၊ ရှင်ကျန်းနှင့် ဟောင်ကောင်တို့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တရားမျှတမှုမရှိသော တရုတ်၏ စီးပွားရေးလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍လည်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

အခြားသော ကမ္ဘာအင်အားကြီးနိုင်ငံများကလည်း တရုတ်အပေါ် အလားတူသဘောထားများ ဖော်ပြခဲ့ကြောင်း The Singapore Post သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly