တရုတ်ရဲတပ်ဖွဲ့က ဆန္ဒပြပွဲများကိုနှိမ်နင်းရန် နည်းပညာမြင့် ကိရိယာများအသုံးပြု

By Straits Times
01 December 2022
တရုတ်ရဲတပ်ဖွဲ့က ဆန္ဒပြပွဲများကိုနှိမ်နင်းရန် နည်းပညာမြင့် ကိရိယာများအသုံးပြု

တရုတ်ရဲများသည် ဆန္ဒပြသူများကို ခြေရာခံဖမ်းဆီးရန် မျက်နှာမှတ်သားသည့်ဆော့ဖ်ဝဲနှင့် တည်နေရာပြ အချက်အလက်များကို အသုံးပြုလျက် နိုင်ငံတစ်ဝန်းဖြစ်ပွားနေသော မငြိမ်မသက်မှုကို တိုက်ဖျက်ရာတွင် ခေတ်မီ ဆန်းပြားသော ထောက်လှမ်းရေးကိရိယာများကို အသုံးချလျက်ရှိသည်။

နှစ်ရှည်လများချမှတ်ထားသော ကိုဗစ်-၁၉ ကန့်သတ်ချက်များအပေါ် စိတ်ဆိုးဒေါသထွက်မှုများ မြင့်တက်လာပြီး ပိတ်ဆို့မှုများ အဆုံးသတ်ရန်နှင့် နိုင်ငံရေးလွတ်လပ်ခွင့်တောင်းဆိုသည့် ဆယ်စုနှစ်များစွာအတွင်း မမြင်ဖူးသောအတိုင်းအတာဖြင့် ဆန္ဒပြမှုများ စတင်ပေါ်ပေါက်လာခဲ့သည်။

တရုတ်အာဏာပိုင်များက ဆန္ဒပြမှုများကို ဖြိုခွင်းရန် ကြေညာလိုက်ချိန်တွင် တက်ကြွလှုပ်ရှားသူများကို ခြေရာခံသည့် ခေတ်မီဆန်းသစ်သောစောင့်ကြည့်စနစ်ထည့်သွင်းထားသည့် လုံခြုံရေးကိရိယာများ သက်ဝင်လှုပ်ရှားလာကြသည်။

“ပေကျင်း၊ ရှန်ဟိုင်းနဲ့ ကွမ်ကျိုးမှာ ရဲတွေက နည်းပညာမြင့်နည်းလမ်းတွေ အသုံးပြုနေပုံရပါတယ်။ တခြားမြို့တွေမှာလည်း စောင့်ကြည့်ကင်မရာနဲ့ မျက်နှာမှတ်သားတဲ့စနစ်တွေကို အားထားပုံပေါ်တယ်” ဟု ကျန်းကျိုးခြေစိုက် ဝမ်ရှန်းရှန်က AFP သို့ ပြောသည်။

တရုတ်သည် ဆန္ဒပြပွဲသို့သွားသူများအား ထောက်လှမ်းစက်များ သို့မဟုတ် ကိုဗစ်-၁၉ ကျန်းမာရေးကုဒ်များမှ ဖမ်းယူရရှိသည့် ဖုန်းတည်နေရာကို အသုံးပြုနိုင်ပေသည်။

ဆန္ဒပြပွဲပါဝင်သူများသည် ရဲများ၏စစ်ဆေးမှုခံရမည်စိုးသဖြင့် ဆက်သွယ်ပြောဆိုထားမှုများ၊ ဗီဒီယိုများနှင့်ဓာတ်ပုံများအပါအဝင် ဆန္ဒပြမှုသက်သေအားလုံးဖျက်ပစ်ကြရန် အချင်းချင်းဆော်ဩခဲ့ကြသည်။

စောင့်ကြည့်မှုတင်းကျပ်သော တရုတ်လူမှုမီဒီယာအက်ပလီကေးရှင်းများသည် နာမည်အစစ်ဖြင့် မှတ်ပုံတင်ရသောကြောင့် ဆန္ဒပြပွဲအကြောင်းတင်သည့် မည်သူ့ကိုမဆို အလွယ်တကူ ခြေရာခံနိုင်ပေသည်။

ရဲအရာရှိများစွာသည် နိုဝင်ဘာ ၂၇ ရက်ကဖြစ်ပွားခဲ့သော ပေကျင်းမြို့စုဝေးဆန္ဒပြပွဲမှ ဆန္ဒပြသူများကို လက်ကိုင်ကင်မရာငယ်များဖြင့် မှတ်တမ်းတင်နေသည်ကို AFP သတင်းထောက်များက တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required