တရုတ်နိုင်ငံတွင် ၂၀၃၅ ခုနှစ်၌ နျူကလီးယားကျည်ထိပ်ဖူး ၁၅၀၀ အထိ ပိုင်ဆိုင်လာနိုင်ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်အစီရင်ခံစာ၌ ဖော်ပြ

တရုတ်နိုင်ငံတွင် ၂၀၃၅ ခုနှစ်၌ နျူကလီးယားကျည်ထိပ်ဖူး ၁၅၀၀ အထိ ပိုင်ဆိုင်လာနိုင်ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်အစီရင်ခံစာ၌ ဖော်ပြ

တရုတ်သည် နျူကလီးယားတပ်ဖွဲ့များကို ခေတ်မီစေရန်နှင့် တိုးချဲ့ရန်ရည်ရွယ်လျက် နျူကလီးယား လက်နက်များထုတ်လုပ်မှုအရှိန်မြှင့်လျက်ရှိကာ ၂၀၃၅ ခုနှစ်တွင် နျူကလီးယားဒုံးကျည်ထိပ်ဖူး ၁၅၀၀ ခန့် ပိုင်ဆိုင်နိုင်ရန် စီစဉ်ထားသည်။

တရုတ်သည် ယမန်နှစ်က နျူကလီးယား တိုးချဲ့မှုကို အရှိန်မြှင့်ခဲ့ဖွယ်ရှိပြီး အသင့်ရှိနေသော နျူကလီးယား ထိပ်ဖူးအရေအတွက် ၄၀၀ ကိုကျော်လွန်သွားပြီဖြစ်ကြောင်း တရုတ်ဆိုင်ရာ စစ်ရေးနှင့် လုံခြုံရေးတိုးတက်မှုဖြစ်စဉ်ဟု ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာတွင် ပင်တဂွန်က ဖော်ပြထားသည်။

တရုတ်စစ်တပ်သည် ၂၀၃၅ ခုနှစ်တွင် အခြေခံအားဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များ အပြည့်အဝ ခေတ်မီတိုးတက်စေရန် စီစဉ်ထားသည်။ တရုတ်နိုင်ငံသည် နျူကလီးယား တိုးချဲ့မှုကို အရှိန် အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်ပါက ၂၀၃၅ ခုနှစ်ရောက်ချိန်တွင် ထိပ်ဖူးပေါင်း ၁၅၀၀ ခန့် ပိုင်ဆိုင် နိုင်ဖွယ်ရှိသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

တရုတ်စစ်တပ်သည် ကြည်း၊ ရေ၊ လေ အခြေစိုက် နျူကလီးယား ပို့ဆောင်ရေး ပလက်ဖောင်းအရေအတွက် များပြားလာစေရန် မြှုပ်နှံလျက်ရှိပြီး နျူကလီးယား တပ်ဖွဲ့များ ချဲ့ထွင်မှုအတွက် လိုအပ်သော အခြေခံ အဆောက်အအုံများ တည်ဆောက်လျက်ရှိသည်ဟု ဆိုသည်။

အိန္ဒိယနှင့် တရုတ်ဗဟိုအာရှနယ်စပ်တစ်လျှောက် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစီအစဉ်များအတွက် ရည်ရွယ်သော အနောက်ပိုင်းကွပ်ကဲရေးဌာနချုပ်သည် ထဝီဝင်အနေအထားအရ တရုတ်၌ အကြီးမားဆုံး ကွပ်ကဲရေးဌာနချုပ်ဖြစ်ပြီး အိန္ဒိယနှင့်ဖြစ်ပွားသော ပဋိပက္ခနှင့် တရုတ်အနောက်ပိုင်းမှ အကြမ်းဖက် ခြိမ်းခြောက်မှုများကို နှိမ်နှင်းရန် ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

အနောက်ပိုင်းကွပ်ကဲမှုဌာနချုပ်ရှိ တရုတ်တပ်ဖွဲ့များ၌ ရှင်ကျန်းနှင့် ရှီဇန်းတပ်ခရိုင်များ၏လက်အောက်ခံ အမှတ် ၇၆ နှင့် ၇၇ ကြည်းတပ်နှင့် မြေပြင်တပ်ဖွဲ့များ၊ လေတပ်စခန်း ၃ ခု၊ သယ်ယူပို့ဆောင်ရေးတပ်မ၊ လေကြောင်းအကယ်ဒမီနှင့် တရုတ်ဒုံးတပ်ဖွဲ့တို့ ပါဝင်ကြောင်း ပင်တဂွန်က ဖော်ပြထားသည်။ “ပြည်တွင်းလုံခြုံရေးအတွက် တာဝန်ယူရတဲ့ တရုတ်လက်နက်ကိုင်ရဲတပ်ဖွဲ့တွေဟာ အနောက်ပိုင်း ကွပ်ကဲရေးဌာနချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေနိုင်ပါတယ်။ တရုတ်နိုင်ငံအတွင်းမှာ အနောက်ပိုင်းကွပ်ကဲရေးချုပ်ဟာ ရှင်ကျန်းနဲ့ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို အဓိကအလေးထားပါတယ်။ တရုတ်ဟာ အဲဒီဒေသတွေမှာ အထူးသဖြင့် ရှင်ကျန်းက ဝီဂါတွေအကြားမှာ ခွဲထွက်ရေးနဲ့ အကြမ်းဖက်ဝါဒခြိမ်းခြောက်မှုတွေမြင့်မားနေတာကို သတိထားမိပါတယ်” ဟု အစီရင်ခံစာ၌ ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required