နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁ ဒီဇင်ဘာ ၂၀၂၂)

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁ ဒီဇင်ဘာ ၂၀၂၂)

အမျိုးသားညီညွတ်ရေး အစိုးရ

· အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့အခြေစိုက် ရိုက်တာသတင်းဌာနက စီစဉ်သည့် အနာဂတ်ခေါင်းဆောင်မှု ထိပ်သီးဆွေးနွေးပွဲ REUTERS Next Leadership Summit နှင့် Global Broadcast ထုတ်လွှင့်မှု အစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ ပါဝင်ဆွေးနွေး ပြောကြားရန် ရှိနေကြောင်း သိရသည်။

· နိုင်ငံတကာ ဆက်ဆံရေးအတွက် ခရီးသွားလာရသူများမှလွဲ၍ သမ္မတကြီးမှအစ အရေးကြီး ပုဂ္ဂိုလ်များ အားလုံးတော်လှန်ရေးနယ်မြေများတွင်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA သတင်းဌာန နှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွင် ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ နှင့် တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ခူးထဲဘူးက ပြည်သူ့အုပ်ချုပ်ရေးက ပြည်သူ့ကိုယ်စားပြု စီမံခန့်ခွဲရသည့် ဖြစ်၍ လူထုစီမံရေးရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် တရားမျှတစွာ ဆောင်ရွက်ရန် လိုအပ်ပြီး ဌာနပေါင်းစုံ နှင့် တွေ့ဆုံဆွေးနွေးရာတွင်အချိန်အဆက် ရရှိရန်လည်း လိုအပ်ကြောင်း ပြောကြားခဲ့သည်။

· “လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်” အမည်ပေးထားသည့် စကားဝိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက် သောကြာနေ့ မြန်မာစံတော်ချိန် ၉ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဥ္ဇာမောင် တို့ ပါဝင်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

· ယနေ့ ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့အတွက် NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ၃ မိနစ်စာ ဗီဒီယိုဖြင့် သတင်းစကားပါးခဲ့သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားခဲ့ကြသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို နိုဝင်ဘာ ၃၀ ရက်က အင်းစိန်ထောင်တွင်း စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသား သတင်းရင်းမြစ်များထံမှ သိရသည်။

· တောင်ဒဂုံမြို့နယ်အား အခြေပြုကာ လုပ်ကြံတိုက်ခိုက်မှုများ ပြုလုပ်နေသည့် တောင်ဒဂုံ မြို့ပြ ပြောက်ကျား တပ်ဖွဲ့ (S.D.G.F)ဝင်များ အောက်တိုဘာနှင့် နိုဝင်ဘာ နှစ်လအတွင်း ဖမ်းဆီးခံလိုက်ရပြီး ကျန်သူများ မြို့ပြမှ တိမ်းရှောင်နေရကာ တော်လှန်ရေးတွင် ကျရာနေရာမှ ဆက်လက်ပါဝင်မည်ဟု အဆိုပါ တပ်ဖွဲ့က ယမန်နေ့ညပိုင်းက ကြေညာသည်။

· နေပြည်တော်၊ လယ်ဝေးမြို့တွင် ယနေ့ ဒီဇင်ဘာ ၁ ရက်၊ နံနက် ၇ နာရီခွဲခန့်က ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ယာဉ်ထိန်း ရဲကင်းပတ်ဝန်းကျင်တွင် မိုင်းဖောက်ခွဲခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်(ပ.က.ဖ)ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် နှင့် ရေဦးမြို့နယ်အစပ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၂၀ ကျော် ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ‌ ဆားထုံးရွာ နှင့် လက်ပန်ကျွန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းက စတင်မီးရှို့နေကြောင်း ဒေသခံပြည်သူများ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာကို ယမန်နေ့ ညပိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး ယနေ့ နံနက်ပိုင်းတွင် မီးတင်ရှို့နေကြောင်း ဒေသ ပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

· စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်သော BO.Tiger အဖွဲ့ကို မြို့နယ် ပကဖ နှင့် တပ်ရင်း ၂ က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် အရေးယူနိုင်ရေး တော်လှန်ရေး တပ်ဖွဲ့ ၃၉ ဖွဲ့က လုပ်ဆောင်သွားမည်ဟု ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်တွင် လဝကရုံးမှကျေးလက်ရုံးသို့ ကူးသန်းလျက်ရှိသည့် စစ်ကောင်စီ၏ ညကင်းပတ်ယာဥ်တစ်စီးကို နိုဝင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းက သိမ်းဆည်းလိုက်ကြောင်း B-21Kani PDF တပ်ခွဲ(၁)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

· ချင်းတွင်းမြစ် အတိုင်း မုံရွာသို့ ဆန်တက်လာသည့် ရေယာဉ်ခုနစ်စီးပါ စစ်ကောင်စီထောက်ပို့ ရေယာဉ်တန်းကို နိုဝင်ဘာ ၂၈ ရက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆားလင်းကြီးမြို့နယ်

အရောက်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးသွားကြောင်း ကျောက်လုံးကြီးတပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချောင်းကူးရွာ အရှေ့ဘက် ၆ ဖာလုံခန့်အကွာတွင် မီးကြိုးဆက်ရန် ဖောကား ၃ စီးဖြင့် ရောက်ရှိလာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာ ၃၀ ရက်၊ ညနေပိုင်း ၄ နာရီခန့်က မြိုင်ပကဖ တပ်ရင်း (၁)နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးခန့် ဒဏ်ရာ အပြင်းအထန်ရကာ ဆေးရုံတင်ထားရကြောင်း မြိုင် ပကဖ တပ်ရင်း(၁) ခေါင်းဆောင် ဗိုလ်လင်္ကျာက ပြောသည်။

· ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နိုဝင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းက ဗုံးခွဲခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

· တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် နှင့် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ နိုဝင်ဘာ ၂၉ ရက် နှင့် ၃၀ ရက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က လေးဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း PDF ရဲဘော်များထံက သိရသည်။

· အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၁ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

· အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို သတ်ဖြတ်လျက်ရှိရာမှာ နိုဝင်ဘာ ၃၀ ရက်အထိ စာရင်းများအရ ကျဆုံးခဲ့ရသူ ၂၅၅၃ ဦးအထိ ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ အနီး KNU တပ်မဟာ ၆ နယ်မြေ မက္ကသာ ကျေးရွာအနီးရှိ အမှတ် ၆ သတ္တုတူးဖော်ရေး နှင့် မိုင်းလုပ်ကွက်ကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက် ၁ နာရီခန့်က ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ဗုံးကျဲချသွားကြောင်း KNU သတင်းရင်းမြစ်ထံက သိရသည်။

· ချင်းပြည်နယ်၊ ဟားခါးမြို့ နှင့် ထန်တလန်မြို့ အကြား ဖြစ်ပွားခဲ့သော နိုဝင်ဘာလ တစ်လတာ တိုက်ပွဲ များအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅၅ ဦးသေဆုံးခဲ့ကြောင်း CNF ထုတ်ပြန်ချက်အရ သိရသည်။

· ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့၌ စက်တင်ဘာလမှ နိုဝင်ဘာ လအထိ သုံးလအတွင်း တိုက်ပွဲပေါင်း ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၃၇ ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။

· မြန်မာ - တရုတ်နယ်စပ် ချင်းရွှေဟော်ရှိ ကိုးကန့် တပ်မတော် (MNDAA) တပ်စခန်းကို အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့်အနီးကပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများအလောင်းကို စွန့်ပစ်ခဲ့၍ MNDAA က မြေမြုပ်ပေးခဲ့ကြောင်း ရုပ်သံနှင့်တကွ ထုတ်ပြန်သည်။

· ရှမ်းပြည်နယ် ၊ UWSA ထိန်းချုပ်နယ်မြေ“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် နိုဝင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းက ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူအများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပန်ဆန်းဒေသခံတစ်ဦးက ပြောသည်။

· ရှမ်းပြည်နယ်မြောက်ပိုင်း၊ မက်မန်းခရိုင်ရှိ ပန်ဆန်းမြို့၊ နားလော်တွင် နိုဝင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းက ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဆောက်အဦ နှင့် ကားများလည်း ထိခိုက်ပျက်စီးသွာကြောင်း ဝ ပြည်ပဆက်ဆံရေး လားရှိုးရုံး တာဝန်ခံ ဦးညီရန်း၏ ပြောဆိုချက်ကို ကိုးကားပြီး DVB သတင်းဌာနတွင် ဖော်ပြထားသည်။

· ကရင်နီ (ကယား) ပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးတွင် အကြမ်းဖက်စစ်တပ် နှင့် စစ်ရေးတင်းမာ နေသည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က သတိပေးချက် ထုတ်ပြန်ထားသည်။

· ကယား (ကရင်နီ) ပြည်နယ်အတွင်းက စစ်အာဏာရှင် တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေတွေ အတွင်း ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) နှင့် ပူးပေါင်းအဖွဲ့က နိုဝင်ဘာလအတွင်းက မူးယစ်ဆေးဝါးများ နှင့် တရားခံများကို ဆက်တိုက်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ

· ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှ ပြင်ဆင်လိုသည့် အချက် ၁၁ ချက်နှင့် ပတ်သက်ပြီး စစ်ကောင် စီ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

· အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအတွက် ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက်က နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။

· ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍကို ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလကို (၁) နှစ် ထပ်မံ တိုးမြှင့်ပေးလိုက်ကြောင်း စစ်ကောင်စီ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက အသိပေးကြေညာထားသည်။

· ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက် ကနေ နိုဝင်ဘာ ၁၈ ရက်အထိ ပြည်ပနိုင်ငံများကို ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရရှိထားသည်ဟု စစ်ကောင်စီ လက်အောက်ခံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

· သံ၊ သံမဏိ၊ ပလက်စတစ် (ကော်စေ့ နှင့် ကုန်ကြမ်း) သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်၍ စစ်ကောင်စီ လက်အောက်ခံ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် တိုက်ရိုက်လျှောက်ထားရမည်ဟု ကြေညာထားသည်။

· နိုင်ငံသားတိုင်း အခြေခံပညာကို KG+ 9 အထိ မဖြစ်မနေ သင်ကြားနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း စစ်ကောင်စီခန့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိုဝင်ဘာ ၃၀ ရက်က နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ တွင် ပြုလုပ်သည့် အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် ပြောသည်။

· မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုနှင့်ပတ်သက် ၍ ရာထူးကြီးငယ်မရွေး အဂတိလိုက်စားမှုများကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗီယင်နာမြို့အခြေစိုက်ကုလ သမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန် မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးမင်းသိမ်းက နိုဝင်ဘာ ၂၈ ရက်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီ (International Anti-Corruption Academy_ IACA) ၏ (၁၁)ကြိမ်မြောက်အဖွဲ့ဝင်များ ညီလာခံတွင် ဆွေးနွေးပြောကြားခဲ့သည်။

· ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)အနီးတွင် အစိုးရစက်မှုလက်မှု သိပ္ပံ (သန်လျင်)ကျောင်းသစ်ကို နိုဝင်ဘာ ၃၀ ရက်က စစ်ကောင်စီက စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

· ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်အားလိုင်းများ နှင့် တာဝါတိုင်များအား ပြုပြင်နေချိန်၌ လက်နက်ကိုင် အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် လျှပ်စစ်ဝန်ထမ်း ၁၉ ဦးသေဆုံးကာ ၅၆ ဦးဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

· မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး ၅၄၅ ဦးအား ခေါ်ယူရန် ဂျပန်နိုင်ငံက အလုပ်ကမ်း လှမ်းစာ ၁၈၆ ခုအား ပေးပို့ခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး (တိုကျိုမြို့)က နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

· မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီးတွင် နိုဝင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းက ငွေကျပ်သိန်း ၁၇၆၀ ထည့်ထားသည့် YOMA ဘဏ်က ATM စက်နှစ်လုံးကို PDF များက ဓားပြတိုက်ယူဆောင်သွားသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်သည်။

· ဧရာဝတီတိုင်းအခြေစိုက် သတင်းဌာန Delta News Agency သတင်းထောက်ဟောင်း ကိုမျိုးစံစိုး ကို စစ်ကောင်စီလက်အောက်ခံ ဖျာပုံထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း မိသားစု နှင့် နီးစပ်သူများထံမှ သိရသည်။

· ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ J 29 တိုက် လေယာဉ်နှစ်စီးသည် ယနေ့ဒီဇင်ဘာ ၁ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က စတင်ပြီး မိနစ် ၃၀ ခန့်ကြာ ပျံဝဲခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမသတင်းဌာနကို ပြောသည်။

ဒီဇင်ဘာ ၁ ရက် သုံးသပ်ချက်

· စစ်ကောင်စီတပ်သည် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ စိုးမိုးနယ်မြေများအတွင်း တိုက်ပွဲများတွင် အထိနာ သေဆုံးမှု များနေပြီး အလောင်းများကို လာရောက် မကောက် ယူနိုင်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက မြေမြှပ်သဂြိုဟ် ပေးနေရသည်။

· စစ်ကောင်စီကို တော်လှန်မှုသည် နိုင်ငံတစ်ဝန်း ဆက်လက်အားကောင်းနေဆဲ ဖြစ်ပြီး အခုအခါ စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်တွင်ပါ ဖောက်ခွဲမှု ပြုလုပ်လာသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly