ထီးချိုင့်မြို့နယ် လေသာရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ထီးချိုင့်မြို့နယ် လေသာရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် လေသာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။

နိုဝင်ဘာလ ၃၀ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ထီးချိုင့်မြို့ပေါ်မှ ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ထီးချိုင့်၊ အင်းတော် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု Indaw Revolution-IR ထံက သိရသည်။

“တိုက်ပွဲက မနေ့က နေ့လယ် ၁နာရီလောက်ကနေ ညအထိဖြစ်တာပါ။ သူတို့ လေသာရွာကို မီးရှို့နေတဲ့အချိန် ပစ်ဝင် ဝင်လိုက်တာ။ ည၉နာရီလောက်တော့ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးလာကျဲတယ်။ ကိုယ့်လူတွေ အထိအခိုက်မရှိပါဘူးဗျ။” ဟု Indaw Revolution အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ကြဲချလိုက်သည့် ဗုံးသည် လေသာကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူ နှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လေသာရွာထဲရှိ လူနေအိမ်များပေါ်တက်၍ တံခါးပိတ်ကာ ပုန်းခိုနေကြကြောင်း၊ ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်းလည်း သိရသည်။

“တိုက်ပွဲက မနေ့ကတစ်ကြိမ်ဖြစ်တယ်။ ဒီနေ့ မနက်ပိုင်းထိတွေ့မှုပြန်ဖြစ်ပါတယ်။ အခုမနက်မှာတော့ လေသာရွာကို မဲပြီး မီးပြန်ရှို့နေတာ ကုန်သလောက်ဖြစ်နေပါပြီ။ စခ(စစ်ကောင်စီတပ်ဖွဲ့) ဘက်က ထိခိုက်မှု ရှိတယ်ဗျ။ အတိအကျတော့ မသိရသေးဘူး” ဟု Indaw Revolution အဖွဲ့တာဝန်ရှိသူက ဆက်ရှင်းပြသည်။

အိမ်ခြေ ၄၀၀ခန့်ရှိသည့် လေသာကျေးရွာတွင် စစ်ကောင်စီတပ်များ အကြိမ်ကြိမ်စစ်ကြောင်းထိုးကာ မီးတင်ရှို့နေခြင်းကြောင့် လူနေအိမ်အားလုံးနီးပါး မီးလောင်ပြာကျခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲအား KIA၊ အင်းတော် pdf၊ ထီးချိုင့် ပကဖ ပူးပေါင်းအဖွဲ့များ ပူးပေါင်း၍ တိုက်ပွဲဝင်ခဲ့ကြကြောင်း IR Team တာဝန်ရှိသူက ဆိုသည်။

ယင်းစစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ ထီးချိုင့်မြို့နယ်ရှိ ဆူးပုတ်ချောင်ရွာ၊ အင်ကြင်းကုန်းရွာ၊ အလယ်တောရွာ၊ အင်းတိန်ရွာနှင့် လေသာကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

ဓာတ်ပုံ- စစ်ကောင်စီမှ ကြဲချလိုက်သည့်ဗုံး ကျရောက်ပေါက်ကွဲသည့်နေရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required