ထွေအုပ်ရုံးအိမ်ရာဝင်း ဗုံးပေါက်ကွဲမှု အာဏာသိမ်းမှုဆန့်ကျင်သူ ၃ ဦး ထောင် ၇ ခုနှစ်ချခံရ

ထွေအုပ်ရုံးအိမ်ရာဝင်း ဗုံးပေါက်ကွဲမှု အာဏာသိမ်းမှုဆန့်ကျင်သူ ၃ ဦး ထောင် ၇ ခုနှစ်ချခံရ

မဇ္စျိမ ။ ။ ပုသိမ်ထောင်တွင်း တရားရုံးက အမျိုးသမီးတစ်ဦးအပါအဝင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်သူသုံးဦးကို ထောင်ဒဏ်ခုနှစ်နှစ်စီ ချမှတ်လိုက်ရာ ပုသိမ်ထောင်တွင်းတရားရုံးက ပြစ်ဒဏ်ချမှတ်ခံရသူဦးရေ ၂၀၀ နီးပါးကပ်လာပြီဖြစ်သည်။

ပုသိမ်ထီးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်သီတာထွေး (အသက် ၄၀ ဝန်းကျင်)၊ ကျပန်းလုပ်ကိုင်သူများဖြစ်ကြသော ကိုလင်းလင်းထက် (အသက် ၃၀ နှစ်)နှင့် ကိုဇော်ဇော် (ခေါ်) ဖိုးဇော်တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင်ဝန်ထမ်းအိမ်ရာအတွင်း ဗုံးပေါက်ကွဲမှုနှင့်ဆက်စပ်ကာ နိုဝင်ဘာ ၂၉ ရက်နေ့က ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်စိတ်ချရသော တရားရေးဘက်သတင်းရင်းမြစ်အရသိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာ၀တီတိုင်း ပုသိမ်မြို့ရှိ အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ဒီမိုကရေစီရေးလှုတ်ရှားသူ ၃၅၀ နီးပါးရှိကာ တံခါးပိတ်ကျင်းပသည့် ထောင်တွင်းတရားခွင်က ပြစ်ဒဏ်ချမှတ်ခံရသူပေါင်း ၂၀၀ နီးပါးရှိပြီဖြစ်သည်။

"သုံးယောက်လုံးကို ဖောက်ခွဲ ၃ (ဖောက်ခွဲရေးဆိုင်ရာ ပုဒ်မ) နဲ့ ထောင် ခုနှစ်နှစ်စီချလိုက်တာပါ။ နောက်ထပ် တစ်မှုစစ်ဖို့ ကျန်သေးတယ်လို့လည်းသိရတယ် " ဟု သတင်းရင်းမြစ်က ပြောသည်။

အမှုသည်များမှာ ရှေ့နေငှားရမ်းခွင့်ပေးခဲ့သော်လည်း ငွေကြေးအခက်အခဲကြောင့် မငှားရမ်းနိုင်ခဲ့ဘဲဖြစ်ခဲ့ရသည်ဟုလည်း သိရသည်။

၎င်းတို့မှာ အကျဉ်းထောင်အတွင်း တစ်နှစ်ခွဲကျော် နေထိုင်ခဲ့ရပြီးဖြစ်ကာ ချုပ်ရက်များ ထုတ်နှုတ်ခံစားခွင့် ရှိ၊ မရှိနှင့် ထပ်မံရင်ဆိုင်ရန်ကျန်ရှိနေသည့် ပုဒ်မကိုမူ မဇ္ဈိမအနေဖြင့် မသိရပါ။

၂၀၂၁ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ပုသိမ်မြို့ ၊ အမှတ် (၂) တံတားနှင့် စာတိုက်ကုန်းလမ်းထောင့်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝန်ထမ်းအိမ်ရာအတွင်း ဗုံးပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုဖြစ်အပြီး နာရီအနည်းငယ်အကြာ ပုသိမ်မြို့နေ သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

စာတည်း ။ ။ စိုးသူအောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required