ဟူးကောင်းဒေသအတွင်း သစ်တောကြိုးဝိုင်းသို့ မြေယာတိုးချဲ့မှုရပ်တန့်ရန်ဒေသခံများတောင်းဆို

ဟူးကောင်းဒေသအတွင်း သစ်တောကြိုးဝိုင်းသို့ မြေယာတိုးချဲ့မှုရပ်တန့်ရန်ဒေသခံများတောင်းဆို

ချင်းမိုင်၊မတ် ၆။             ။ ကချင်ပြည်နယ် ဟူးကောင်းဒေသအတွင်း ယုဇနကုမ္ပဏီက ကျေးရွာပိုင်သစ်တော ကြိုးဝိုင်းသို့ မြေယာတိုးချဲ့ ထွန်ယက်နေမှုများကို ချက်ချင်း ရပ်တန့်ရန် ဒေသခံ   တောင်သူများက လက်မှတ်ရေးထိုးတောင်းဆိုလိုက်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး ယုဇနကုမ္ပဏီမှ ပီလောပီနံ စိုက်ပျိုးမြေအတွက် ဝါရာဇွပ်ကျေးရွာအုပ်စုအဖွဲ့ပိုင် ကြိုးဝိုင်းနှင့် ဒေသခံများအဓိက လုပ်ကိုင် စားသာက်သည့် လယ်မြေများ တည်ရှိရာထိ ကျူးကျော်ကာ ထွန်ယက်ခြင်း၊ တိုးချဲ့ခြင်းများ လုပ်ဆောင်လာသဖြင့် ဒေသခံများက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ယုဇန ကုမ္ပဏီ ဟူးကောင်းဒေသမှ အပြီးအပိုင်ထွက်သွားပေးရန်၊ အစိုးရမှ ယုဇန ကုမ္ပဏီ လုပ်ဆောင်ချက်များ စုံစမ်းစစ်ဆေးပြီး ချက်ချင်းရပ်တန့်ရန် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်၊ ၎င်းကုမ္ပဏီမှ သိမ်းယူထားသော တောင်သူများ၏ လယ်ယာမြေများ အမြန်ဆုံး ပြန်လည် ပေးအပ်ရန်နှင့် တောင်သူများမှ တောင်းဆိုထားသော ဆုံးရှှုံး နစ်နာကြေးများ အားလုံးကို အမြန်ဆုံး ဖြေရှင်းပေးရန် စသည့် အချက် ၄ ချက်ကို တောင်းဆိုထားသည်။

“ယုဇန ကုမ္ပဏီတွေရဲ့ လုပ်ရပ်တွေကို ချက်ချင်ရပ်ပေးပါ အရင်တုန်းက သိမ်းထားတဲ့ ကျနော်တို့ လယ်ယာမြေ ပြန်ပေးဖို့ ကိစ္စတောင်မှ ဖြေရှင်းခြင်းမရှိသေးပဲ ထပ်ပြီး ဒုက္ခပေးဖို့ လုပ်နေတယ်”ဟု ဝါရာဇွပ်ကျေးရွာ တောင်သူကော်မတီအဖွဲ့ဝင် ဦးတန်ဂွန်းက ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၉ ရက်တွင် ဟူးကောင်းဒေသ ဝါရာဇွပ်ကျေးရွာမှ တောင်သူ ၅၀ ခန့်က ယုဇန ကုမ္ဗဏီမှ ဒေသခံများပိုင် သစ်တေ ကြိုးဝိုင်းနယ်မြေကို ဖျက်ဆီးခြင်း ရပ်တန့်ရန်၊ လယ်မြျေားအတွက် အဓိက သုံးနေသော ရေဝေရေလဲကို လုံးဝ မထိရန်နှင့် ဝါရာဇွပ်ကျေးရွာသားများ အဓိက လုပ်ကိုင် စားသောက်သည့် လယ်မြေများ တည်ရှိရာ ဝါရာဇွပ်၊ နမ့်ယားသွားသော လမ်း အနောက်ဘက်ခြမ်းပိုင်းကို လုံးဝ မထိရန် အချက် ၃ ချက်ကို ဆန္ဒပြတောင်းဆိုခဲ့သည်။

၂၀၀၆ ခုနှစ်ကလည်း ဟူးကောင်း ကျားထိန်းထိန်းရေးနယ်မြေအတွင်း မြေဧက ၃ သိန်းကျော်ကို ယုဇနကုမ္ဗဏီမှ ပီလောပီနံ စိုက်ပျိုးရး စီမံကိန်းအတွက် ဒေသခံများ လယ်ယာမြေများ အတင်းအဓမ္မ သိမ်းယူခဲ့သဖြင့် လယ်ယာမြေများ ပြန်လည် ရရှိရန် အတွက် တောင်သူများက ဆန္ဒပြတေင်းဆိုခဲ့သော်လည်း မရရှိသေးသလို၊ ထပ်မံ တောင်းဆိုခြင်း ဖြစ်သည်ဟု တောင်သူများဘက်မှ အကူအညီပေးနေသော အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)၏ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာက ပြောသည်။

“အခြေအနေက ဒီလို ယုဇန ကုမ္ပဏီက တနိုင်းထိ တောက်လျှောက် ဧက ၃ သိန်းကျော် သိမ်းတဲ့အပေါ်မှာ ကျမတို့ တောက်လျောက် တောင်းဆိုခဲ့တယ်။ ဒါပေမဲ့အောက်ခြေမှာ ဖြေရှင်းပေးတာ မရှိဘူး။ အဲဒီအ ခါကြတော့ ပြဿနာတွေ တောက်လျှောက်ပေါ်လာတာ။ ဒီနယ်မြေတွေက ၂၀၀၆ ကတည်းကနေ အားလုံး သိမ်းခံထားရတာ။ အဲဒါတွေကို ပယ်ဖျက်၊ ဖြေရှင်းပေးဖို့ လုပ်နေတာ။ ဒါပေမဲ့ ရွာသားတွေက သူတို့ နယ်မြေဆိုပြီး သတ်မှတ်ထားတယ်။ တကယ်တန်းတော့ ယုဇနက အကုန်လုံး သိမ်းထားတာ”ဟု သူက မဇ္ဈိမကို ပြောသည်။

ဒေါ်ဘောက်ဂျာအနေဖြင့် ယုဇန ကုမ္ဗဏီမှ သိမ်းယူထားသော လယ်ယာမြေများနှင့် ပတ်သက်၍ လယ်ယာမြေများ ပြန်လည် ရရှိရန်နှင့် နစ်နာဆုံးရှုံးမှုများ ရရှိရေး ဖြေရှင်းပေးရန် ပြည်ထောင်စု ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးသို့ စာဖြင့် တင်ပြ တောင်းဆိုမှုများ ပြုလုပ်ရန် စီစဉ်နေသည်ဟု သူက ပြောသည်။

နေပြည်တော် တရားလွှတ်တော်ထိ လျှောက်ထားခဲ့ရာ ၂၀၁၄ ခုနှစ်က ဖြေရှင်းပေးရန် အစီရင်ခံစာ ထွက်လာသော်လည်း အောက်ခြေဌာနဆိုင်ရာများက ယခုထိ ဖြေရှင်းပေးခြင်း မရှိသေးခြင်းကြောင့် ယခုကဲ့သို့ ဒေသခံများ ပြန်လည် တောင်းဆိုလာခြင်း ဖြစ်သည်ဟု သူက ပြောသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက အရပ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Land in Our Hands က မြန်မာပြည် အနှံ့အပြား ကျေးရွာပေါင်း ၃၂၉ ရွာက ဒေသခံ ၂၅၀၀ နှင့် တွေ့ဆုံမေးမြန်းခဲ့၍ စာတမ်းတစ်စောင်ထုတ်ပြန်ခဲ့မှုတွင် လေ့လာတွေ့ရှိ ချက်အရ မြေသိမ်းခံရမှု ပထမ အများဆုံးသည် ရှမ်းပြည်နယ်ဖြစ်ပြီး ကချင်ပြည်နယ်သည် ဒုတိယအများဆုံး ဖြစ်သည်ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly