ဒီဇင်ဘာလကစပြီး လေယာဥ်ဆိုက်ရောက်ချိန်တွင် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုခံယူရန် မလိုတော့ဟု စစ်ကောင်စီထုတ်ပြန်

ဒီဇင်ဘာလကစပြီး လေယာဥ်ဆိုက်ရောက်ချိန်တွင် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုခံယူရန် မလိုတော့ဟု စစ်ကောင်စီထုတ်ပြန်

မဇ္စျိမ။ ။နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအား လေယာဉ်ဆိုက်ရောက်ချိန်တွင် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုခံယူရန်သတ်မှတ်ချက်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်တွင်းကူးစက်မှု ကျဆင်းလာခြင်း၊ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်လာသော ခရီးသွားများတွင် COVID-19 တွေ့ရှိမှု တစ်ရာခိုင်နှုန်းအောက်တွင်သာရှိနေခြင်းနှင့် နိုင်ငံတဝန်း ကာကွယ် ဆေးထိုးလွှမ်းခြုံမှုမြင့်မားလာခြင်းတို့ကြောင့် ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုထားသည်။

သို့သော် လေကြောင်းခရီးသည်များအနေဖြင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးကြောင်း သက်သေခံ လက်မှတ်ပြသနိုင်ရမည်ဖြစ်ကာ COVID-19 ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံထားသူများအနေဖြင့် မြန်မာနိုင်ငံသို့ဆိုက်ရောက်သည့် အချိန်မတိုင်မီ အများဆုံး ၄၈ နာရီအတွင်း ရောဂါကင်းရှင်းကြောင်း PT-PCR နည်းဖြင့် စစ်ဆေးထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေအထောက်အထားပြသရမည်ဖြစ်ကြောင်း သိ ရသည်။

ပြောင်းလဲဆောင်ရွက်သွားမည့် အစီအစဉ်အသေးစိတ်ကို နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များဖြင့် ဝင်ရောက်လာကြမည့် ခရီးသွားများနှင့် နယ်စပ်ဝင်ထွက် ဂိတ်များမှတဆင့် ဝင်ရောက်လာကြမည့် ခရီးသွားများအတွက်ကိုမူ ယခင်အတိုင်းသာ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required