ပါကစ္စတန်ကို ငွေကြေးခဝါချမှု စောင့်ကြည့်အဖွဲ့၏ မီးခိုးရောင်စာရင်းမှ ဖယ်ရှားခြင်းက အခက်အခဲများကို ထပ်မံဖြစ်ပေါ်စေလိမ့်မည်ဟု အာမေးနီးယား ပြော

By Daily Hunt
29 November 2022
ပါကစ္စတန်ကို ငွေကြေးခဝါချမှု စောင့်ကြည့်အဖွဲ့၏ မီးခိုးရောင်စာရင်းမှ ဖယ်ရှားခြင်းက အခက်အခဲများကို ထပ်မံဖြစ်ပေါ်စေလိမ့်မည်ဟု အာမေးနီးယား ပြော

ပါကစ္စတန်ကို နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ မီးခိုးရောင်စောင့်ကြည့်စာရင်းမှ ဖယ်ရှားလိုက်ခြင်းက အခက်အခဲများကို ထပ်မံဖန်တီးသလို ဖြစ်စေလိမ့်မည်ဟု အာမေးနီးယားနိုင်ငံ၏ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဂရီဂေါ်ယန်းက ပြောဆိုလိုက်သည်။

“အိန္ဒိယနိုင်ငံမှာ အဓိက ကြုံတွေ့နေရတဲ့ လုံခြုံရေး စိန်ခေါ်မှုတွေထဲမှာ အကြမ်းဖက်မှုလည်း ပါဝင်ပါတယ်။ အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ အိန္ဒိယရဲ့ လုပ်ဆောင်ချက်တွေကို အာမေးနီးယားအနေနဲ့ ထောက်ခံအားပေးပါတယ်” ဟု ဂရီဂေါ်ယန်းက “အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှု မရှိစေရေး”ဟု ခေါင်းစဉ်တပ်ထားသည့် ဝန်ကြီးအဆင့် ၂ ရက်တာ ဆွေးနွေးပွဲပြင်ပတွင် ပြောသည်။

ပါကစ္စတန်ကဲ့သို့ နိုင်ငံများ FATF ၏ မီးခိုးရောင်စာရင်းမှ ဖယ်ရှားခံရပါက အကြမ်းဖက်မှုအပေါ် တိုက်ဖျက်မှုက မည်ကဲ့သို့ အကူအညီဖြစ်စေနိုင်သည်ဆိုသည့် မေးခွန်းကို ဂရီဂေါ်ယန်းက ဖြေကြားခဲ့သည်။

လျှို့ဝှက်သော ကွန်ရက်၊ လူမှုမီဒီယာ လူအစုအဖွဲ့ဆိုင်ရာ ရန်ပုံငွေရှာမှုနှင့် အခြားနည်းလမ်းများမှတဆင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့ခြင်းနှင့် ပတ်သက်ပြီး ၎င်းက ဖြေကြားသွားခဲ့သည်။ “တကယ်တော့ နည်းပညာအသစ်အဆန်းတွေက အပေါင်းလက္ခဏာဆောင် သက်ရောက်မှုကို ရှိစေသလို လူသားတွေ ကြုံတွေ့ ရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ့် အခွင့်အလမ်းတွေကို ဖန်တီးပေးပါတယ်။ တစ်ချိန်တည်းမှာလည်းပဲ အဲဒါက လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကိုလည်း ယူဆောင်လာပါတယ်။ ဒါကြောင့် လူမှုကွန်ရက်တွေနဲ့ အခြားရင်းမြစ်တွေကို အကြမ်းဖက်သမားတွေက မကောင်းတဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးပြုနိုင်ပါတယ်” ဟု ဂရီဂေါ်ယန်းက ပြောသည်။

“အကြမ်းဖက်မှုက နိုင်ငံတိုင်းအပေါ် သက်ရောက်ပါတယ်။ အကြမ်းဖက်မှုကြောင့် လူတိုင်းအပေါ် အပျက်သဘောဆောင် ထိခိုက်သက်ရောက်နိုင်ပါတယ်။ အကြမ်းဖက်မှုရဲ့ စိန်ခေါ်မှုတွေကို တစ်ဦး တစ်ယောက်တည်းနဲ့ မဖြေရှင်းနိုင်ဘူးဆိုတာကို လူတိုင်း နားလည်ပါတယ်။ ဒါကြောင့် နိုင်ငံအားလုံးဟာ အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ အတူတကွ ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required