အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒက လွတ်လပ်ပြီး အချုပ်အချယ်ကင်းဟု ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ထပ်မံချီးကျူး

By Latestly
29 November 2022
အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒက လွတ်လပ်ပြီး အချုပ်အချယ်ကင်းဟု ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ထပ်မံချီးကျူး

အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒက လွတ်လပ်ပြီး အမှီအခိုကင်းကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက နိုဝင်ဘာ ၁၉ ရက်တွင် ထပ်မံ ချီးကျူးပြောဆိုလိုက်သည်။

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နှင့်အတူ လွတ်လပ်ရေး ရခဲ့သော်လည်း အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒက လွတ်လပ်မှု ဆက်ရှိနေခဲ့ကြောင်းနှင့် အိန္ဒိယသည် အမေရိကန် ကန့်ကွက်သည့်ကြားမှ ရုရှားထံမှ ရေနံ ဝယ်ယူသည့် ဆုံးဖြတ်ချက်အတိုင်း အခိုင်အမာ ရပ်တည်ခဲ့ကြောင်း ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီအကြီးအကဲက ပါတီ၏ ခရီးဝေးချီတက်မှုအတွင်း အွန်လိုင်းမိန့်ခွန်းတစ်ရပ်တွင် ပြောသည်။

“ကျွန်တော့်အနေနဲ့ အိန္ဒိယကို ဥပမာယူရပါလိမ့်မယ်။ အိန္ဒိယဟာ ကျွန်တော်တို့နဲ့အတူ လွတ်လပ်လာခဲ့တာပါ။ ခုချိန်မှာ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို ကြည့်လိုက်ပါဦး။ သူတို့ဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ နိုင်ငံခြားရေး မူဝါဒတစ်ရပ်ကို စွဲကိုင်ထားတာပါ။ အိန္ဒိယဟာ သူတို့ ရုရှားဆီကနေ ရေနံ ဝယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အတိုင်း ရပ်တည်ခဲ့တာပါ” ဟု ခန်းက နိုဝင်ဘာ ၁၉ ရက်က အစ္စလမ်မာဘတ်၏ ရာဝတ်မြို့၌ လူထုစည်းဝေးပွဲ တစ်ခုအတွင်း ပြောသည်။

ယူကရိန်းစစ်ပွဲ ဖြစ်နေစဉ် အနောက်အုပ်စု နိုင်ငံများထံမှ ဖိအားပေးမှုနှင့် ကြုံရသော်လည်း အိန္ဒိယအနေဖြင့် နိုင်ငံအကျိုးစီးပွားနှင့်အညီ ရုရှားရေနံ ဝယ်ယူခဲ့မှုကို အီမရန် ခန်းက ချီးကျူးစကားဆိုသည်။ “အိန္ဒိယနဲ့ အမေရိကန်ဆိုတာ QUAD မဟာမိတ်တွေပါ။ ဒါပေမယ့် ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် အိန္ဒိယဟာ ရုရှားဆီကနေ ရေနံဝယ်ဖို့ ဆုံးဖြတ်ထားဆဲပါ” ဟု ခန်းက ပြောသည်။

ထို့ပြင် အီမရန် ခန်းသည် လက်ရှိပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော ညွန့်ပေါင်းအစိုးရကို ဝေဖန်ခဲ့ပြီး အစိုးရသစ် တာဝန်ယူမှုက ၇ လကြာ ရှိလာသော်လည်း နိုင်ငံသည် စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းအောက်တွင် ဆက်ရှိနေဆဲဖြစ်ကြောင်း ခန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required