ပါကစ္စတန်တွင် နိုင်ငံရေး သဘောကွဲလွဲမှုများကြောင့် ကုလသမဂ္ဂ၏ ရေဘေးကယ်ဆယ်ရေး ကြိုးပမ်းမှုများအပေါ် ထိခိုက်

ပါကစ္စတန်တွင် နိုင်ငံရေး သဘောကွဲလွဲမှုများကြောင့် ကုလသမဂ္ဂ၏ ရေဘေးကယ်ဆယ်ရေး ကြိုးပမ်းမှုများအပေါ် ထိခိုက်

ပါကစ္စတန်နိုင်ငံတွင် နိုင်ငံရေးဆိုင်ရာ ငြင်းခုံသဘောကွဲလွဲမှုများ ရှိနေခြင်းက နိုင်ငံ၏ အရေးကိစ္စများအပေါ် ဘက်ပေါင်းစုံ ထိခိုက်သက်ရောက်စေလျက် ရှိပြီး အထူးသဖြင့် အဆိုပါနိုင်ငံတွင် မကြာသေးခင်က အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ရေကြီးမှုများနောက်ပိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများအပေါ် ထိခိုက်စေလျက် ရှိသည်။

လက်ရှိတွင် ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ပါတီ ဦးဆောင်သော အာဏာရ ညွန့်ပေါင်း အုပ်စုနှင့် အဓိကအတိုက်အခံပါတီ ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီအကြား နိုင်ငံရေး တင်းမာမှုများ ဆက်ရှိနေခြင်းကြောင့် ရေဘေးကယ်ဆယ်ရေး ကြိုးပမ်းမှုများကို နှောင့်နှေးတုံ့ ဆိုင်းစေခဲ့သလို ရေဘေးသင့်ပြည်သူများမှာ အခက်အခဲများနှင့် ဆက်လက် ကြုံတွေ့နေရသည်။

မြေပြင်ရှိ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးအကူအညီများ ထောက်ပံ့ရန် ကုလသမဂ္ဂက ဆက်စပ်အဖွဲ့အစည်းများအတွက် ဒေါ်လာ ၈၁၆ သန်း လိုအပ်သည်ဟု ထုတ်ဖော်ထားသည်။ သို့သော်

ပါကစ္စတန်နိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေများကြောင့် လက်ရှိတွင် ဒေါ်လာ ၁၇၄ သန်း သို့မဟုတ် လိုအပ်သော ရန်ပုံငွေ၏ ၂၁ ရာခိုင်နှုန်းကိုသာလျှင် စုဆောင်းကောက်ခံထားနိုင်သည်။

“ရန်ပုံငွေတွေသာ မရရင်တော့ လာမယ့်လကစပြီး ရေဘေးသင့်ပြည်သူတွေဆီ ကယ်ဆယ်ရေး အကူအညီ ပစ္စည်းတွေ ရောက်တော့မှာ မဟုတ်ပါဘူး” ဟု အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုမှ ကိုယ်စားလှယ်တစ်ဦးက ဆင်းဒ်ပြည်နယ်ရှိ ရေဘေးဒဏ် အဆိုးဆုံးခံရသည့် ဒါဒူသို့ သွားရောက်စဉ် The Express Tribune ကို ပြောသည်။

ပြီးခဲ့သည့် ၃လကျော်အကြာက အကြီးအကျယ် ထိခိုက်စေသော ရေကြီးမှုများ ဖြစ်ပေါ်ထားခဲ့သည့် ဆင်းဒ် ပြည်နယ်တွင် လူ ၉ သန်း ခွဲ ခန့် ရေဘေးဒဏ်ခံခဲ့ရသည်။ မီဟာ ခရိုင်ရှိ အဓိကမြို့ကြီးများနှင့် ခါအီရာပူလ် နာသန် ရှား မြို့တို့တွင် ဆက်လက် ရေလွှမ်းခံနေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly