တရုတ်၏ ထိပ်တန်းဆင်ဟွာတက္ကသိုလ်မှ ရာနှင့်ချီသည့် ကျောင်းသားများသည် နိုဝင်ဘာ ၂၇ရက်က ကိုဗစ်-၁၉ ပိတ်ဆို့ ကန့်သတ်မှုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက AFP ကို ပြောကြားခဲ့သလို လူမှုမီဒီယာမှ ဗီဒီယိုဖိုင်ကလည်း ဖော်ပြနေသည်။
ဆင်ဟွာတွင် ဆန္ဒပြမှုသည် အနီးအနားရှိ ပီကင်းတက္ကသိုလ်တွင် ညတွင်းချင်း ဆန္ဒပြမှုအပြီးတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အခြားတရုတ်မြို့များတွင်လည်း အလားတူ စုဝေးဆန္ဒပြသည့် ဗီဒီယိုများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်။
"နံနက် ၁၁ နာရီခွဲမှာ ကျောင်းသားတွေက စားသောက်တန်းအဝင်ဝမှာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီးနောက် လူပိုမိုများလာပါတယ်။ အခုဆို လူ ၂၀ဝ ကနေ ၃၀ဝ လောက်ရှိပါတယ်” ဟု ဆင်ဟွာကျောင်းသားတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။
ကန့်ကွက်ဆန္ဒပြသည့် သင်္ကေတဖြစ်သော စာရွက်အလွတ်တစ်ရွက်ကို ကျောင်းသူ တစ်ဦး က ကိုင်ဆောင်ခဲ့ပြီး အခြားအမျိုးသမီးများပါ ပူးပေါင်းပါဝင်ခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။
"ကျွန်တော်တို့ နိုင်ငံတော်သီချင်းနဲ့ အပြည်ပြည်ဆိုင်ရာ သီချင်းကို သီဆိုခဲ့ပြီး ‘လွတ်လပ်မှု ကြီးစိုးရမယ်။ 'နျူကလိစ်အက်ဆစ် စမ်းသပ်မှု အလိုမရှိ၊ အစားအစာ လိုချင်တယ်'၊ 'ပိတ်ဆို့မှု မရှိရ၊ လွတ်လပ်မှု လိုချင်တယ်' ဟု ကြွေးကြော်ခဲ့ကြကြောင်း ၎င်းတို့က ဆိုသည်။
ဆင်ဟွာ၏ ကျီကျန်းယန်စားသောက်တန်းအပြင်ဘက် ဝန်းထဲတွင် လူအများအပြား စုဝေးနေကြသည့်ပုံများကို AFP နှင့် မျှဝေခဲ့ပြီး တချို့က စာရွက်များ ကိုင်ဆောင်ထားကြသည်။
ယင်းနေရာတွင် ရိုက်ကူးထားသည့် အခြားဗီဒီယိုတစ်ခုတွင် ကျောင်းသားများက “ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်” ဟု ကြွေးကြော်ခဲ့ကြကြောင်း ဖော်ပြထားသော်လည်း အမြန်ဖယ် ရှားခံခဲ့ရသည်။