ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် တရုတ်တက္ကသိုလ်ကျောင်းသားများ အစုလိုက်အပြုံလိုက် အိမ်ပြန်ပို့ခံရ

ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် တရုတ်တက္ကသိုလ်ကျောင်းသားများ အစုလိုက်အပြုံလိုက် အိမ်ပြန်ပို့ခံရ

တရုတ်နိုင်ငံတစ်ဝန်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖြစ်ပွားခဲ့သော ကိုဗစ်ထိန်းချုပ်ရေး အသွားအလာပိတ်ဆို့မှု ဆန့်ကျင်ဆန္ဒပြမှုများသည် ရန်လိုသော ပြည်ပအင်အားစုများ၏လုပ်ရပ်အဖြစ် အစိုးရအာဏာပိုင်များသည် ပုံဖော်ရန် ကြိုးပမ်းနေဟန်ရှိပြီး တက္ကသိုလ်ကျောင်းသားများကို ကျောင်းပရဝုဏ်မှ ထွက်ခွာပြီး နေရပ်သို့ပြန်ရန် ရထားခရီးစဉ်များ စီစဉ်ပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာနှင့် တက္ကသိုလ်တစ်ခုရှိ သတင်းရင်းမြစ်က ပြောသည်။

ရှင်ကျန်းမြို့တော် အူရမ်ကီတွင် နိုဝင်ဘာ ၂၄ ရက်ကဖြစ်ပွားခဲ့သည့် လူသေစေခဲ့သော မီးလောင်မှုသည် ကိုဗစ်-၁၉ အသွားအလာပိတ်ဆို့မှုကြောင့်ဟု ပြစ်တင်ဝေဖန်မှုများ ဖြစ်ခဲ့ပြီး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သော ချင့်ဟွာ တက္ကသိုလ်မှ ကျောင်းသားများ နေရပ်ပြန်နိုင်စေရန် အာဏာပိုင်များက နိုဝင်ဘာ ၂၇ ရက်၌ ပေကျင်း ရထား ခရီးစဉ်များကို စီစဉ်ပေးခဲ့ကြောင်း Global Times သတင်းစာ နိုဝင်ဘာ ၂၈ ရက်တွင် ဖော်ပြ ခဲ့သည်။

နိုင်ငံတကာစီးပွားရေးလုပ်ငန်းနှင့် စီးပွားရေးတက္ကသိုလ်နှင့် တရုတ်သိပ္ပံအကယ်ဒမီများကလည်း ကျောင်းသားများ နေရပ်ပြန်နိုင်ရန် အလားတူပင် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းစာက ဖော်ပြသည်။

ပြီးခဲ့သော သီတင်းပတ်ကုန်က မြို့ကြီးဒါဇင်ပေါင်းများစွာရှိ တက္ကသိုလ်ပရဝုဏ်များနှင့် လမ်းများတွင် အဆက်မပြတ်ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းရှိ တရုတ် ကွန်မြူနစ် ပါတီအတွင်းရေးမှူးများနှင့် ကောလိပ်ကျောင်းအုပ် ရာပေါင်းများစွာဖြင့် အရေးပေါ် အစည်းအဝေးကျင်းပခဲ့ပြီး ပြည်ပအင်အားစုများ၏နှောင့်ယှက်မှုကို တန်ပြန်ရန် တိုက်တွန်းခဲ့သည်။

ဟန်ကျိုးနှင့်ကူမင်းအပါအဝင် တခြားမြို့ကြီးများတွင်ဖြစ်ပွားသော ဆန္ဒပြမှုများသည် နိုဝင်ဘာ ၂၈ ရက်တွင် လူမှုမီဒီယာပေါ်သို့ ပျံ့နှံ့လာခဲ့သည်။

နိုဝင်ဘာ ၂၈ ရက်တွင် တရုတ်၏တုံ့ပြန်မှုမှာ အရှိန်မြှင့်လာခဲ့ကာ ရဲများ၏ဖမ်းဆီးမှု၊ အတားအဆီးများချထားမှုနှင့် လမ်းများတွင် ကင်းလှည့်မှု လုပ်ဆောင်နေပုံများကို လူမှုမီဒီယာပေါ်တွင် ပိုမိုတွေ့လာရသည်။

ရှန်ဟိုင်းတွင် ရဲများက ပြည်သူများ၏ဖုန်းကို စစ်ဆေးကာ ဆန္ဒပြပွဲဓာတ်ပုံများကို ဖျက်ပစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required