တရုတ်အာဏာပိုင်တို့အနေဖြင့် ဆန္ဒပြသူများအပေါ် နိုင်ထက်စီးနင်း မပြုသင့်ဟု အမေရိကန် ပြော

တရုတ်အာဏာပိုင်တို့အနေဖြင့် ဆန္ဒပြသူများအပေါ် နိုင်ထက်စီးနင်း မပြုသင့်ဟု အမေရိကန် ပြော

နိုဝင်ဘာ ၃၀

တရုတ်နိုင်ငံတွင် COVID-19 လော့ဒေါင်းချမှုများကို ဆန့်ကျင်သည့် ဆန္ဒပြသူများအပေါ် အာဏာပိုင်တို့ဘက်မှ ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေအောင် လုပ်ဆောင်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့ကို မပြုလုပ်သင့်ကြောင်း အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကာဘီက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

“ဆန္ဒပြသူတွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ခြိမ်းခြောက်တာ၊ အကျပ်ကိုင်တာ ဒါမှမဟုတ် ကိုယ်ထိလက်ရောက် ထိခိုက်အောင် လုပ်တာတွေကို ကျွန်တော်တို့ မမြင်ချင်ပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအပေါ် အဲဒါမျိုးတွေ မရှိသင့်ပါဘူး။ ဒါဟာဆိုရင် တရုတ်မှာပဲဖြစ်ဖြစ်၊ အီရန်မှာပဲဖြစ်ဖြစ်၊ ကမ္ဘာပေါ်က အခြားဘယ်နေရာမှာပဲဖြစ်ဖြစ်၊ အဲဒီအတွက် ကျွန်တော်တို့ ဆက်လက် ရပ်တည်ထားခဲ့တာဖြစ်တယ်” ဟု ၎င်းက စီအင်န်အင်န်ကို ပြောသည်။

တစ်ချိန်တည်းမှာပင် တရုတ်အစိုးရအနေဖြင့် “ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော” ဆန္ဒပြမှုများကို မနှောင့်ယှက်သင့်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် နီကိုလပ်စ် ဘန်းစ်ကလည်း သီးခြားဖိုရမ်တစ်ခုတွင် ပြောသည်။

“တရုတ်ပြည်သူတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ရှိတယ်လို့ မိမိတို့ ယုံကြည်တယ်။ သူတို့အနေနဲ့ သူတို့ရဲ့ အမြင်သဘောထားတွေကို အများသိအောင် ထုတ်ဖော်ခွင့် ရှိတယ်” ဟု မစ္စတာ ဘန်းစ်က ကမ္ဘာ့ရေးရာ ချီကာဂို ကောင်စီအဖွဲ့ကို ပြောသည်။

“ဒါက ကမ္ဘာတစ်ဝန်းမှာ အခြေခံကျတဲ့ အခွင့်အရေးတစ်ခု ဖြစ်တယ်။ အဲဒီ အခွင့်အရေး ရှိသင့်တယ်။ အဲဒီ အခွင့်အရေးကို ဟန့်တား၊ နှောင့်ယှက်တာမျိုး မရှိသင့်ဘူး” ဟု ၎င်းက ပြောသည်။

ဆန္ဒပြမှုများသည် ရေရှည်သက်ရောက်မှု တစ်ခုခု ရှိမည်လား ဆိုသည်က ပြောရခက်ကြောင်း ၎င်းက ပြောသည်။ တရုတ်၏ အဓိကမြို့ကြီးများ အပါအဝင် နိုင်ငံတစ်ဝန်း COVID-19 ကူးစက်မှုများ မြင့်တက်နေသည့်အတွက် လက်ရှိအချိန်သည် တရုတ်နိုင်ငံအတွက် “အလွန်အကျပ်အတည်းဆိုက်နေသော” အချိန် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူတချို့ကို တရုတ် အာဏာပိုင်တို့က လိုက်လံရှာဖွေစုံစမ်းမှုများ လုပ်နေကြောင်း ပေကျင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတချို့က ရိုက်တာကို ပြောသည်။

အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ဥပဒေဘောင်အတွင်း ကျင့်သုံးရလိမ့်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly