ဆောင်းတွင်းစစ်ပွဲအတွက် ပိုမိုထောက်ပံ့ရန် မဟာမိတ်များအား ယူကရိန်း တိုက်တွန်း 

ဆောင်းတွင်းစစ်ပွဲအတွက် ပိုမိုထောက်ပံ့ရန် မဟာမိတ်များအား ယူကရိန်း တိုက်တွန်း 
Photo - AFP

 နိုဝင်ဘာ ၃၀

ရုရှ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့် ယူကရိန်းအား ဆောင်းတွင်းတစ်လျှောက်လုံး ထောက်ပံ့ကူညီသွားရန် အနောက်မဟာမိတ်များက သန္နဋ္ဌာန်ချထားချိန် လက်နက်ပေးပို့မှုများနှင့် ပျက်စီးသွားသော လျှပ်စစ်ကွန်ရက် ပြန်လည်ပြင်ဆင်ရေးတို့၌ အရှိန်မြှင့် ကူညီပေးရန် ယူကရိန်းက နေတိုးအဖွဲ့ဝင်များအား အင်္ဂါနေ့တွင် တိုက်တွန်းသည်။ 

ရုရှသည် မြေပြင်တွင် တပ်ဖွဲ့ဝင်များ တပ်ဆုတ်ရခြင်းများကြောင့် ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများအား တိုက်ခိုက်မှုများ ဆင်နွှဲရာ ပြည်သူသန်းပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်လျက် ရှိသည်။ 

အထူးသဖြင့် လေကြောင်းကာကွယ်ရေးစနစ်များ အပါအဝင် လက်နက်ပံ့ပိုးမှုများကို “အမြန်၊ အမြန်၊ အမြန်” ထောက်ပံ့ပေးပို့ရန် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက ရိုမေးနီးယားနိုင်ငံ ဘူချာရပ်စ်မြို့တော်တွင် နေတိုးနိုင်ငံခြားရေးဝန်ကြီးများနှင့် နှစ်ရက်တာ အစည်းအဝေး၌ တိုက်တွန်းတောင်းဆိုသည်။ 

“ကျွန်တော်တို့မှာ ထရန်စ‌ဖော်မာတွေနဲ့ ဂျင်နရေတာတွေ ရှိနေရင် ကျွန်တော်တို့ရဲ့ စွမ်းအင်စနစ်၊ ကျွန်တော်တို့ရဲ့ ဓာတ်အားပေးကွန်ရက်ကို ပြန်လည်တည်ဆောက်နိုင်ပြီး သင့်တင့်တဲ့ နေထိုင်မှု အခြေအနေကို ပြည်သူတွေကို ပြန်ပေးနိုင်မှာ ဖြစ်တယ်”ဟု ကူလီဘာက ပြောသည်။ 

“ကျွန်တော်တို့မှာ လေကြောင်းကာကွယ်ရေးစနစ်တွေ ရှိရင် နောက်ထပ် ရုရှဒုံးကျည်တိုက်ခိုက်မှုတွေကနေ ဒီ အခြေခံအဆောက်အအုံတွေကို ကျွန်တော်တို့ ကာကွယ်ပေးနိုင်စွမ်း ရှိမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

“ယူကရိန်းအနေနဲ့ Patriots ဒုံးကျည်တွေနဲ့ ထရန်စဖော်မာတွေ အဓိက လိုအပ်နေတာ ဖြစ်တယ်”ဟု အမေရိကန်ထုတ် Patriots ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရည်ညွှန်းပြီး ၎င်းက ပြောသည်။ 

ယူကရိန်းအား တိုက်ခိုက်ရာတွင် ဆောင်းရာသီကို “စစ်ပွဲလက်နက်” အဖြစ် အသုံးချရန် ရုရှသမ္မတ ဗလာဒီမာ ပူတင်က အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း နေတိုးအကြီးအကဲ ယန်း စတောတန်ဘတ်ချ်က စွပ်စွဲခဲ့ပြီးနောက် ယူကရိန်း၏ ယခု မေတ္တာရပ်ခံချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

ပျက်စီး‌သော အခြေခံ အဆောက်အအုံများ ပြန်လည်ပြင်ဆင်တပ်ဆင်ရေး၌ ယူကရိန်းအား ပိုမို ထောက်ပံ့သွားရန်နှင့် ယူကရိန်းအား ကိုယ်ပိုင်ကာကွယ်နိုင်စွမ်းအား ပိုမို ရရှိရန် လက်နက်နှင့် လေကြောင်းရန်ကာစနစ်များ ဆက်လက်ပေးပို့သွားမည်ဟု နေတိုးမဟာမိတ်များက ကတိပြုကြကြောင်း စတောတန်ဘတ်ချ်က ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly