PDF ဂိမ်းများ ဆော့ကစားခြင်းက အရေးယူခံရနိုင်ကြောင်း စစ်ကောင်စီ ကြေညာခြင်းမှာ Digital Strike ကို ကြောက်လန့်နေရကြောင်း သက်သေပြခြင်းဖြစ်

PDF ဂိမ်းများ ဆော့ကစားခြင်းက အရေးယူခံရနိုင်ကြောင်း စစ်ကောင်စီ ကြေညာခြင်းမှာ Digital Strike ကို ကြောက်လန့်နေရကြောင်း သက်သေပြခြင်းဖြစ်

ရန်ကုန်(မဇ္ဈိမ)။။ PDF ဂိမ်းများ ဆော့ကစားခြင်းက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း နိုဝင်ဘာလ ၂၇ ရက်ညပိုင်းက စစ်ကောင်စီလက်အောက်ခံ ရုပ်သံလိုင်းမှတစ်ဆင့် ကြေညာခဲ့ရာ ၎င်းမှာ ပြည်သူ၏ Digital Strike (ကလစ်လုပ်ပြီး အာဏာရှင်စနစ်ကိုတော်လှန်ခြင်း) ကို ကြောက်လန့်နေခြင်းဖြစ်ကြောင်း သက်သေပြသည့်သဘော ဖြစ်သည်။

အဆိုပါကြေညာချက်၌ “အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်မြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ် တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များနှင့် NUG ၊ CRPH လက်အောက်ခံ အကြမ်းဖက်အဖွဲ့အစည်းများအနေနှင့် PDF ဂိမ်း အက်ပလီကေးရှင်းများအား တီထွင်ဖန်တီးအသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် PDF ဂိမ်းဆော့ကစားခြင်းက အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်တာကြောင့် ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။” ဟု ပါရှိသည်။

PDF ဂိမ်းများ ဆော့ကစားပြီး Digital Strike တွင် ပါဝင်နေသော ပြည်တွင်း၌နေထိုင်သူများအဖို့ စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်းအန္တရာယ်ကို ရှောင်လွှားနိုင်မည့် နည်းလမ်းအား Digital Striker တော်လှန်ရေး သမား တစ်ဦးက ယခုလို အကြံပေးသည်။

“ကလစ်လုပ်ပြီး အာဏာရှင်စနစ်ကို တော်လှန်ခြင်းဆိုတာ ပညာရှိရင် ဘေးအကင်းဆုံးနဲ့ စကစ အရှိုက်ကိုလက်တွေ့ ထိစေတဲ့ အမြဲတမ်းတိုက်စစ်ပဲဖြစ်တယ်။ မိမိဖုန်း စစ်မှာကြောက်ရင် တလရ game တွေကို အပြင်သွားရင်ဖျက်ထားပါ။ မိမိလုံခြုံတဲ့နေရာရောက်မှ ပြန်ဒေါင်းသွင်းပြီး ဆော့နိုင်ပါတယ်။ ခုလို သတင်းတွေဖြန့်၊ ဂိမ်းတွေ့ရင် ဖမ်းဆီး၊ စစ်ဆေးမယ်ဆို တဲ့ကြောက်စိတ်သွင်းနေတာတွေကတော့ Digital Strike ကို စကစ ဘယ်လောက် ကြောက်ရတယ်ဆိုတာပဲ။ ကြောက်စိတ်ရှိသူဆိုတာ အရင်ဦးဆုံး သူတစ်ပါးကြောက်အောင် လုပ်တတ်တဲ့သဘာဝဆိုတာ သတိချပ်ပါ။” ဟူ၍ War of Heroes - The PDF Game စစ်ဥပဒေချုပ်ရာထူးဖြင့် အာဏာရှင်ကိုတော်လှန်နေသည့် Gamer Sai Htaung Khan က ပြောသည်။

ဥပမာအနေဖြင့် WOH - The PDF game ဆော့ကစားမည်ဆိုလျှင် မိမိကိုယ်ပိုင် အမှတ်၊ လျှို့ဝှက် code ကို မှတ်ထားပါက ယခင်ကဆော့ခဲ့သမျှ ထောက်ပို့ငွေတွေအားလုံး ပြန်မြင်ရနိုင်ပြီး ဘာတစ်ခုမှ မမှတ်မိပါကလည်း အက်ပလီကေးရှင်းကို ဖျက်လိုက် ဒေါင်းလိုက်လုပ်ကာ ကနဦးအစမှ ပြန်ဆော့ပါက ထောက်ပို့ငွေ ပိုပြီးရရှိနိုင်သည်။

ကလစ်လုပ်ခြင်း၏ သဘောမှာ ကြာချိန်မဟုတ်ဘဲ လူအင်အားများများ VPN ခံပြီး ကြော်ငြာကြည့်၊ ပိတ်ပေးနေဖို့ အဓိကဖြစ်သည့်အတွက် VPN လိုအပ်လျှင် Clicker's Corner, VPN2CLICK, VF+ စသည့် VPN လှူပေးနေသော page များမှတစ်ဆင့် လုံခြုံစိတ်ချစွာ အကူအညီယူနိုင်သည်။

လက်ရှိတွင် Digital Strike လမ်းကြောင်းပေါ်၌ နေ့စဥ် တိုက်ပွဲဝင်နေသည့် Digital Strikers ၃၀,၀၀၀ ကျော်ရှိပြီး ၎င်းတို့မှာ လက်နက်ကိုင်တော်လှန်ဖို့ မဖြစ်နိုင်တဲ့အတွက် Digital Striker အဖြစ် ရပ်တည်လာကြသူများဖြစ်ကြောင်း သိရသည်။

ထိုသူများအဖို့ ဘယ်လို အခက်ခဲအတားဆီး ကြုံလာပါစေ၊ ရှေ့ဆက်သွားကြရန်မှာ Digital Striker အားလုံး၏ ထက်သန်သည့် စိတ်ဓာတ်၊ တညီတညွတ်တည်း ချမှတ်ထားသည့် သစ္စာအဓိဋ္ဌာန်လည်း ဖြစ်သည်။ ဂိမ်းတွင် ဖြည့်လိုက်သည့်ကျည် တစ်ချက်၊ ဖတ်လိုက်သည့် သတင်းတစ်ပုဒ်၏ ကြော်ငြာ တစ်ခုမှာ မြေပြင်တွင်အသက်ပေးတိုက်ပွဲဝင်နေသည့် PDF များအတွက် ကျည် အစစ်တစ်တောင့်နှင့် ညီမျှသဖြင့် စစ်အာဏာရှင်စနစ် ပျက်သုဥ်းရေးတွင် Digital Strike အခန်းကဏ္ဍ ဆက်လက်တည်ရှိရေးမှာ လွန်စွာအရေးကြီးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required