အာဖဂန်နစ္စတန်ရှိ အဝေးပြေးလမ်းမများတွင် လက်နက်ကိုင်လုယက်မှုများ ထူပြောနေ၍ ထရပ်ကားမောင်းသူများ စိုးရိမ်ထိတ်လန့်နေ

အာဖဂန်နစ္စတန်ရှိ အဝေးပြေးလမ်းမများတွင် လက်နက်ကိုင်လုယက်မှုများ ထူပြောနေ၍ ထရပ်ကားမောင်းသူများ စိုးရိမ်ထိတ်လန့်နေ

အာဖဂန်နစ္စတန်နိုင်ငံ ပက်တီယာပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးများတွင် လက်နက်ကိုင် လုယက်မှုများ ထူပြောနေခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း အဆိုပါပြည်နယ်မှ ထရပ်ကားမောင်းသမားများက ထုတ်ဖော်ခဲ့ကြပြီး ၎င်းတို့သည် ငွေနှင့် အခြားတန်ဖိုးကြီးပစ္စည်းများ သေနတ်ထောက် လုယက်ခံနေရကြောင်း ပြောခဲ့ကြသည်ဟု Pajhwok သတင်းအေဂျင်စီက နိုဝင်ဘာ ၁၆ ရက်တွင် ဖော်ပြသည်။

ပက်တီယာပြည်နယ်တစ်ဝန်း အမှုအခင်းဖြစ်ပွားမှု မြင့်တက်နေသော်လည်း ပစ္စည်းခိုးယူလုယက်ခံနေရသည် ဆိုသော ထရပ်ကားမောင်းသမားများ၏ ပြောကြားချက်များကို လုံခြုံရေးတာဝန်ရှိသူများက လက်မခံဘဲ ပယ်ချ ထားသည်။ ထို့ပြင် အဝေးပြေးလမ်းမများတွင် လုံခြုံမှု ရှိစေရန် အစီအမံများ လုပ်ဆောင်ထားသည်ဟု ၎င်းတို့က ပြောသည်။

ဂါဒက်ဇ်-ပါတန် အဝေးပြေးလမ်းမပေါ်တွင် သွားလာနေသော ထရပ်ကားမောင်းသမားတစ်ဦးဖြစ်သည့် မိုဟာမက် ခန်းက လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ငြီးတွားခဲ့ပြီး အဝေးပြေးလမ်းမများတွင် လုယက်သူများ၏ တားဆီးရပ်တန့်ခိုင်းခြင်းကို မကြာခဏ ကြုံနေရကြောင်း ပြောသည်။

“ကျွန်တော်တင်မကပါဘူး။ တခြားကားသမားတွေလည်း ခဏခဏ လုယက်ခံနေရတယ်။ သူတို့ (လုယက်သူတွေ) က ပိုက်ဆံ၊ ဖုန်းနဲ့ အခြားတန်ဖိုးရှိတဲ့ပစ္စည်းတွေကိုယူသွားကြတယ်။ ခုထက်ထိ သူတို့ကို ဘယ်သူကမှ အရေးမယူကြဘူး” ဟု ခန်းက ပြောသည်။ ပက်တီယာပြည်နယ်တွင် ထရပ်ကားမောင်းသမားများ ကြုံနေ ရသည့် ယိုယွင်းဆိုးရွားနေသော အခြေအနေနှင့်ပတ်သက်ပြီး မိုဟာမက် ခန်းက ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း Pajhwok သတင်းအေဂျင်စီက ဖော်ပြသည်။

“ပြီးခဲ့တဲ့ ၄ရက်လောက်က ကျွန်တော် ထရပ်ကားနဲ့ စားသောက်ကုန်တွေတင်ပြီး အဝေးပြေးလမ်းပေါ်မှာ မောင်းသွားခဲ့ပါတယ်။ ဆိုင်ယက်ဒ် ကာရမ်ခရိုင် ဘာဒမ် ခန်ဒါ ဧရိယာကို ရောက်တော့ ည ၉ နာရီလောက်မှာ လက်နက်ကိုင်လုယက်တဲ့သူတွေက ကျွန်တော့်ကားကို တားခဲ့တယ်။ ကျွန်တော့်ဆီကနေ အာဖဂန်နီ ၅၀၀၀၊ ဆန်တစ်အိတ်၊ ဟင်းချက်ဆီ တစ်ဘူးနဲ့ အခြား စားစရာတွေ သူတို့ ယူသွားကြတယ်” ဟု အခြား ထရပ်ကားဒရိုင်ဘာတစ်ဦးဖြစ်သည့် ရိုဇီ အူဒင်က ပြောသည်။

အဝေးပြေးလမ်းမတွင် နေ့စဉ် ထရပ်ကား ရာချီ သွားလာနေပြီး အဆိုပါ ထရပ်ကားမောင်းသမားများသည်လည်း လက်နက်ကိုင်လုယက်မှုများကြောင့် အခက်ကြုံနေကြရကြောင်း အူဒင်က ပြောသည်။ အခြားသော ပက်တီယာ ဒေသခံတချို့ကလည်း အလားတူအတိုင်း ထုတ်ဖော်ကြပြီး အဝေးပြေးလမ်းများတစ်လျှောက် စစ်ဆေးရေးဂိတ်များ ဆောက်လုပ်ရန်နှင့် ကင်းလှည့်စောင့်ကြပ်မှုများ တိုးမြှင့်လုပ်ဆောင်ရန် လုံခြုံရေးအေဂျင်စီများကို တိုက်တွန်းထားကြောင်း Pajhwok သတင်းအေဂျင်စီက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required