ပါကစ္စတန် ဘာလိုချီစတန်တွင် စစ်တပ်၏ အတင်းအကျပ် ဖမ်းဆီးခံရသူများ ပျောက်ဆုံးမှု များပြားလာ

By Devdiscourse
28 November 2022
ပါကစ္စတန် ဘာလိုချီစတန်တွင် စစ်တပ်၏ အတင်းအကျပ် ဖမ်းဆီးခံရသူများ ပျောက်ဆုံးမှု များပြားလာ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ကက်ချီခရိုင် ဘိုလန်ဧရိယာတွင် စစ်တပ်က ဘာလိုချီစတန် လွတ်မြောက်ရေးတပ်ဖွဲ့ (BLA) ၏ အဖွဲ့ဝင်များကို အထူးပစ်မှတ်ထားလျက် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးကို လုပ်ဆောင်လျက် ရှိသည်။

ဘာလို့ချ် လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များအပေါ် ပါကစ္စတန်စစ်တပ်က ဆက်လက်ထိုးစစ်ဆင်နေစဉ် ဒေသခံ ဘာလို့ချ် လူမျိုးစုဝင်များ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်အနိုင်ကျင့်ခံရမှုနှင့် အတင်းအကျပ် ဖမ်းဆီးခံရပြီး ပျောက်ဆုံးသည့်ဖြစ်စဉ်များ ဖြစ်ပွားမှုက သိသိသာသာ မြင့်တက်လာခဲ့ကြောင်း အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ဖိုရမ် (IFFRAS) က ဖော်ပြသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) နှင့် ထိုစီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် တရုတ်က ပါကစ္စတန်အာဏာပိုင်တို့အပေါ် ဆက်လက် ဖိအားပေးနေကြောင်း သတင်းများက ဖော်ပြသည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်က တရုတ်နိုင်ငံခရီးစဉ် သွားရောက်ခဲ့ရာတွင် CPEC စီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ရှာရစ်ကို ပြောကြားခဲ့သည်ဟု IFFRAS က ဖော်ပြသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ပါကစ္စတန်ရှိ အဓိကမီဒီယာများတွင် တစုံတရာ ဖော်ပြခြင်း မရှိသလို လူမှုမီဒီယာတွင်လည်း သတင်းအချက်အလက်အနည်းငယ်သာ ထွက်ပေါ်ခဲ့သည်။

ယခုနှစ်အစောပိုင်းက ဘာလိုချီစတန်ပြည်နယ်တွင် အကြီးအကျယ် ထိခိုက်စေခဲ့သည့် မုတ်သုံရာသီ ရေကြီးမှုများ ဖြစ်ပြီးနောက် ဒေသခံများသည် စားနပ်ရိက္ခာနှင့် ရေ ရှားပါးမှုနှင့် ကြုံတွေ့ခံစားနေရစဉ် ဘာလို့ချ်ပြည်သူများအပေါ် ပါကစ္စတန်စစ်တပ်၏ လူမဆန်သော ဆက်ဆံမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယခုနှစ် စက်တင်ဘာလက ဘာလိုချီစတန်ပြည်နယ် ဟာနိုင်ခရိုင်မှ စစ်တပ် ထောက်လှမ်းရေးအရာရှိ မိုဟာမက် ဖိုင်ဆဲလ် နှင့် ဂျူနီယာ ပြန်တမ်းဝင်အရာရှိ ကယ်လင်းမ် အူလာတို့အကြား အစည်းအဝေးတစ်ခုအပြီး BLA အဖွဲ့၏ တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း IFFRAS က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required