ဒီးမော့ဆိုတွင် စစ်ကောင်စီကား မိုင်းဆွဲခံရ ၃ဦး သေဆုံးပြီး စစ်ကားနှင့်ရိက္ခာများပျက်စီး

ဒီးမော့ဆိုတွင် စစ်ကောင်စီကား မိုင်းဆွဲခံရ ၃ဦး သေဆုံးပြီး စစ်ကားနှင့်ရိက္ခာများပျက်စီး

နိုဝင်ဘာလ ၂၈ ရက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာအတွင်း ဖြတ်သွားသည့် စစ်ကောင်စီကား မိုင်းဆွဲခံရပြီး တပ်သား သုံးဦး သေဆုံးကာ စစ်ကားနှင့်ရိက္ခာများပျက်စီးသွားခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)က သတင်းထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၏ လှုပ်ရှားနယ်မြေအတွင်း ကျူးကျော်လာသော စစ်ကောင်စီတပ်၏ လက်နက် ၊ ရိက္ခာပို့ကား သုံးစီးအား နိုဝင်ဘာလ ၁၅ရက် ည ၈နာရီ ၃၀မိနစ်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နယ်မြေဝင်ရောက် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကရင်နီနယ်မြေအတွင်း စစ်ကောင်စီတပ်များ နှင့် တိုက်ပွဲ ပြင်းထန်လာနိုင်သဖြင့် ကျည် ၊ခဲယမ်းများ အကူအညီအထောက်အပံ့ ပေးကြဖို့လည်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က မေတ္တာရပ်ခံထားသည်။

"အင်းအား ကတော့ ကားသုံးစီးနဲ့ တပ်သားအင်းအားက ၅၀ လောက်ပါရာမှာ ရှေ့ပြေးကားမှာ သုံးယောက် ပါရာမှာ သုံးယောက် ထိပါတယ်။ မိုင်းကတော့ ကားမိုင်း နှစ်လုံးနဲ့ ရှေ့ထွက်များ ခင်းပါတယ်။ ကျွန်တော်တို့မှာ လက်နက်အင်အား နည်းတဲ့အတွက် စောင့်မဆွဲနိုင်တော့ အခြေအနေက ထောင်ထားခဲ့ရတော့ အခုလို အောင်မြင်မှုက ကားတစ်စီးနဲ့ ခွေး သုံးယောက်ဘဲ ထိခိုက်ခဲ့ပါတယ်။ သုံးယောက်ထိတယ်ဆိုတာ တပ်တွင်းသတင်းမှ အတိအကျ ရရှိပါတယ် ခင်ဗျ။ ကားကတော့ လုံးလုံး ပျက်စီးသွားပါတယ်။ ပျက်စီးသွားတဲ့ကားကတော့ တစ်ရက်လောက်နေပြီး နောက်နေ့မှာ ပြန်ဆွဲသွားပါတယ်။ အစောင့်ထားပြီးတော့ကို ပြန်ဆွဲသွားပါတယ်။" ဟု KRU တပ်ဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။

ဒေါ့ငံခါး ဖက်ကို အင်အား ရိက္ခာဖြည့်ဖို့သွားသည့် ယာဉ်တန်းကို သတင်းကြိုတင်ရရှိပြီး KRUအဖွဲ့များက မိုင်းများထောင်ထားရာမှ ပထမဆုံး ကားကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီဘက်မှ ပွင့်လင်းရာသီချိန်အတွင်း စစ်ရေးအရှိန်တိုးမြင့်လာနိုင်ကြောင်းလည်း ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

" လက်ရှိ ကရင်နီအခြေအနေကတော့ ရင်ဆိုင်တိုက်ပွဲကြီးတွေ သိပ်မရှိပေမဲ့ ကျွန်တော်တို့ လက်ရှိ ထိန်းချုပ်နယ်မြေကိုတော့ အခြေအနေတစ်ခုထိထိန်းချုပ်ထားပြီး စကစ ဘက်ကတော့ ပွင့်လင်းရာသီအတွက် အင်အားအလုံးအရင်းဖြည့်နေတယ်ထင်ပါတယ်။ လက်နက်ကြီးများကိုလဲ ရမ်းသန်းပစ်ခတ်လို့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်တာတွေလည်း တော်တော်များပါတယ်။ စစ်ရေးဘက်မှာတော့ ကျွန်တော်တို့က မပြည့်စုံတာတွေ များတော့ သတင်းကြိုရတာတောင် အပိုင် မတိုက်ခိုက်နိုင်တာတွေရှိပါတယ်" ဟု KRU တပ်ဖွဲ့ဝင်က ဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၈ရက်မှစတင်ကာ ဖရူဆိုမြို့နယ်အတွင်းသို့ ပြည်သူများ ဝင်ထွက်သွားလာခြင်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) အနေဖြင့် ရှေ့ဆက်တော်လှန်ရေး အင်အားစုများကို တစ်စုတစ်စည်းတည်း စုစည်းပြီး Chain Of Command (COC) အောက်တစ်ခုတည်းတွင် ညီညီညွတ်ညွတ်ဖြင့် လုပ်ဆောင်ဖို့ ကြိုးစားနေပြီး ပြည်သူများကလည်း တတ်နိုင်သလောက် ကူညီပေးကြရန် တောင်းဆိုထားသည်။

စာတည်း -သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly