PDF များကြောင့် ရွာများမီးရှို့ခံရခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်က ပြောဆိုမှု သတိထားဖို့လိုကြောင်း ကာကွယ်ရေးတပ်ဖွဲ့များပြော

PDF များကြောင့် ရွာများမီးရှို့ခံရခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်က ပြောဆိုမှု သတိထားဖို့လိုကြောင်း ကာကွယ်ရေးတပ်ဖွဲ့များပြော

မဇ္ဈိမ။ ။ မြန်မာနိုင်ငံ အနှံ့ကျေးရွာများကို မီးရှို့နေသည့် စစ်ကောင်စီတပ်များသည် ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)ကြောင့် မီးရှို့ခံရခြင်းဖြစ်ကြောင်း ပြည်သူများအထင်မှားအောင် ပြောဆိုမှုများရှိနေသည့် အတွက် ပြည်သူများအနေဖြင့် သတိထားတောင့်ခံပေးကြဖို့ ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်များသည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခံရသည့် နေရာအနီးအနားရှိကျေးရွာများကို ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ရှိပြီး တိုက်ပွဲများတွင် ပေးဆပ်မှုများရှိသည့်အတွက် ပြည်သူများအနေဖြင့် နားလည်ပြီး တောင့်ခံပေးကြဖို့ ထီးလင်း YDF က ဗျူဟာမှူး သခင်ဇော် က ပြောသည်။

၎င်းက “ သူတို့ လုပ်တဲ့ ရည်ရွယ်ချက်ကိုက PDFတွေ၊ တော်လှန်ရေးအင်အားစုတွေကို ပြည်သူတွေအနေနဲ့ မုန်းတီးသွားအောင် တော်လှန်ရေးအင်အားစုတွေရှိလို့သာလျှင် သူတို့အိမ်တွေ မီးလောင်ပါတယ်ဆိုတဲ့ အတွေးမျိုးဝင်သွားအောင်လုပ်တာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ဘယ်လိုပဲ အခက်အခဲပေးဆပ်မှုတွေရှိရှိ စိတ်ဓာတ်မကျဖို့ ပြောချင်ပါတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်များသည် ၎င်းတို့ကို အမြင့်ဆုံးတော်လှန်ပုန်ကန်နေသည့် စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းရှိ ကျေးရွာများကို နေ့စဉ် ရက်ဆက်စစ်ကြောင်းထိုး မီးရှို့ ခြင်းများပြုလုပ်နေပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါမကျန် သတ်ဖြတ်နေခြင်းဖြစ်သည်။

ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက “PDF မရှိတဲ့နေရာလည်း မီးပတ်ရှို့လူသတ်နေတာပဲ၊ ပြည်သူတွေက မအ ကြတော့ပါဘူးဗျ၊ အ နေတာက စစ်ခွေး(စကစတပ်သား)နဲ့ နောက်လိုက် ပျူခွေး(ပျူစောထီး)ပဲ ရှိတော့တယ်၊ ဘာအတွက်လို့တောင် ရေရေရာရာမရှိဘဲ အသက်အသေခံတိုက်နေတာကိုက ဒင်းတို့ အ လို့ ကျွန်ခံချင်တာ သက်သက်ပဲလို့မြင်ပါတယ်၊ ဘယ်သူကမှ သူတို့ကို မယုံကြည်ကြဘူးဗျ” ဟု ပြောသည်။

ယခုကာလအတွင်း PDF နဲ့ ပြည်သူအကြား သွေးခွဲတဲ့ ပုံစံမျိုး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာမျိုးတွေရှိလာနေသည့်အတွက် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုတွေ ပိုပြီး စည်းလုံးညီညွတ်ဖို့ လိုအပ်ကြောင်း Khin U Special Force Organiztion က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက “သူတို့လိုချင်တာလည်း ပြည်သူနဲ့ PDF တွေ သွေးကွဲတာကိုပဲလိုချင်တာ၊ ဒါကြောင့် ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီထက်မက စည်းစည်းလုံးလုံးနဲ့ ခွန်အားစိုက်ပြီး စစ်ကောင်စီကိုတော်လှန်သင့်ပြီ “ ဟု ပြောသည်။

စစ်ကောင်စီတပ်များသည် ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် ပြည်သူနှင့် ဒေသကာကွယ်ရေးအဖွဲ့ကို သွေးခွဲရန် ကြိုးပမ်းလာခြင်းဖြစ်သော်လည်း ဒေသာကွယ်ရေးတပ်များသည် ပြည်သူထဲမှ ပေါက်ဖွားလာသည့် တပ်များဖြစ်ကြောင်း ဆိုသည်။

“ ကျတော်တို့ က ပြည်သူတွေထဲက ပေါက်ဖွားလာတာဖြစ်တယ်၊ ပြည်သူနဲ့ကျတော်တို့ တစ်သားတည်းရှိတယ်၊ ပြည်သူတွေမှာ တော်လှန်ရေးအဖွဲ့တွေကို ပြစ်တင်တဲ့စိတ်မရှိဘူး၊ တော်လှန်ရေးအဖွဲ့တွေကလည်း ပြည်သူတွေ အထိနာစေမယ့် ကိစ္စတွေကိုလည်း လုပ်လေ့လုပ်ထမရှိဘူး” ဟု အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ က တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်များသည် နိုင်ငံအနှံ့အပြားရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နေအိမ်များရှိ ပြည်သူပိုင် ပစ္စည်းများခိုးယူခြင်း၊ လုယက်ခြင်းများ ပြုလုပ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ၊ လူသတ် ခြင်းများ ပြုလုပ်ပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြုလုပ်ခြင်းဟု ဝါဒဖြန့်ခြင်းများရှိသကဲ့သို့ တစ်ဖက်မှာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ ရှိနေသည့်အတွက် ယခုလိုမျိုးလုပ်ဆောင်ရခြင်းဖြစ်သည်ဟုဆိုကာ ပြည်သူများ ဒေသကာကွယ်ရေးအဖွဲ့များကို မုန်းတီးလာအောင်ဆောင်ရွက်နေခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

ပုံစာ - စစ်ကိုင်းတိုင်း အတွင်းက နေအိမ်တစ်လုံးမီး၇ှို့ခံထားရပုံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required