စစ်ကောင်စီက ၂ လအတွင်း ရခိုင်ပြည်နယ်ရှိ အရပ်သား ၃၂၄ ဦးကို ဖမ်းဆီး

စစ်ကောင်စီက ၂ လအတွင်း ရခိုင်ပြည်နယ်ရှိ အရပ်သား ၃၂၄ ဦးကို ဖမ်းဆီး

မဇ္ဈိမ။ ။ စစ်ကောင်စီသည် နှစ်လတာ အတွင်း ရခိုင်ပြည်နယ်ရှိ အပြစ်မဲ့အရပ်သား ၃၂၄ဦး ကို ရက္ခိုင့်တပ်တော်(AA) နှင့်ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ ဖမ်းဆီးထားသည့် အပြစ်မဲ့ အရပ်သားပြည်သူ ၃၀၀ ကျော်အနက် ၈၅ ဦးကိုပြန်လည်လွှတ်ပေးခဲ့သော်လည်း ပြည်သူ ၂၃၉ ဦးမှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်း ကပြုလုပ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် /ရက္ခိုင့်တပ်တော် (ULA/ AA) ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ နေရာတချို့မှာ ULA/AAတပ်ဖွဲ့ဝင်တွေကိုလိုက်ဖမ်းတာတွေ၊ ULA/AAလို့ သံသယရှိတဲ့ လူတွေရဲ့နေအိမ်တွေကို စီးနှင်းဝင်ရောက်ရှာဖွေတာတွေ၊ ပြည်သူတွေကို ULA/AA အဖြစ် မတရားစွပ်စွဲပြီးတော့ ဖမ်းဆီးနေတာတွေကိုလုပ်ခဲ့တယ်” ဟု ULA/ AA ၏ ပြောရေးဆိုခွင်ရှိသူ ဦးခိုင်သုခကပြောသည်။

အထူးသဖြင့် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရသည့် မြို့နယ်များမှာ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊မာန်အောင်နှင့် အမ်းမြို့နယ်တို့ဖြစ်ပြီး ဒေသခံ များကို ပြင်းပြင်းထန်ထန်ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့က အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ထိုသို့ လွှတ်ပေးရာတွင် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင် ၁၇ ဦးပါဝင်ခဲ့ပြီး အမျိုးသားအောင်ပွဲကို ဂုဏ်ပြုသည့် အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကိုရှေးရှု၍ လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင် ၁၇ ဦးလွှတ်ပေးသည်ဟု ထုတ်ပြန်ခဲ့သော်လည်း AA တပ်ဖွဲ့ဝင် သုံး ဦးသာ ပါဝင်ကြောင်း ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ ၁၇ယောက်လွှတ်လိုက်တဲ့အထဲမှာ ကျွန်တော်တို့ AA ကလူအစစ် သုံးယောက် လောက်ပဲပါပါတယ်။ ကျန်တဲ့ဟာတွေက ULA/AA လို့စွပ်စွဲပြီးတော့ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ပြည်သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ပတ်သတ်တဲ့ သူတွေက ကျွန်တော်တို့ ဌာနချုပ်ကို ဆက်သွယ်လာတာရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီသည် ULA/AAနှင့် ဆက်စပ်သည်ဟု သံသယဖြင့် ပြည်သူများကို ဆက်လက် ဖမ်းဆီးမှုများ ရှိနေသေးကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required