မိုက်ခရိုချစ်ပ်စက်ရုံ ဝယ်ယူမှုကို ဗြိတိန်အစိုးရက ခွင့်မပြုခြင်းအပေါ် တရုတ်အစိုးရ မကျေမနပ်ဖြစ်

မိုက်ခရိုချစ်ပ်စက်ရုံ ဝယ်ယူမှုကို ဗြိတိန်အစိုးရက ခွင့်မပြုခြင်းအပေါ် တရုတ်အစိုးရ မကျေမနပ်ဖြစ်

နိုင်ငံတော်လုံခြုံရေးကြောင့် ဗြိတိန်၏ အကြီးဆုံးမိုက်ခရိုချစ်ပ်ထုတ်လုပ်သည် စက်ရုံအား တရုတ်ကုမ္ပဏီတစ်ခုမှ ဝယ်ယူမှုကို ခွင့်မပြုသည့် ဗြိတိန်အစိုးရ၏ ဆုံးဖြတ်ချက်ကို တရုတ်က ကန့်ကွက်လိုက်ကြောင်း ထုတ်ဖော်ပြော ကြားလိုက်သည်။

သဘောတူညီချက်ကို ရရှိပြီးတစ်နှစ်အကြာတွင် ဗြိတိန်အစိုးရက တရုတ် Wingtech Technology ကုမ္ပဏီအား ဗြိတိန်၏ အကြီးဆုံး မိုက်ခရိုချစ်ပ်စက်ရုံအား ဝယ်ယူမှုကို ပြန်လည်ရုပ်သိမ်းရန် ယခုသီတင်းပတ်အတွင်း အမိန့် ထုတ်ပြန်ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

လုံခြုံရေးပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်မှု ကိစ္စရပ်၂ ခုကို ရှင်းလင်းပြီးဖြစ်သော်လည်း ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းနှင့် ပတ်သက်သည့် မေးခွန်းကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဗြိတိန်သည် စီးပွားရေးတွင် တံခါးပိတ်စနစ်ကို ကျင့်သုံးနေခြင်းကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရကြောင်း ပြောကြားခဲ့သည်။

"ဗြိတိန်တွင် တရုတ်ကုမ္ပဏီ၏ ပုံမှန်ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်ဝင်ရောက်စွက်ဖက်ရေးအတွက် နိုင်ငံတော် လုံခြုံရေးကိစ္စကို ပုံကြီးချဲ့နေပြီး နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်နေသည်" ဟု မော်က နိုဝင် ဘာ ၁၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဗြိတိန်အစိုးရ၏ ဆုံးဖြတ်ချက်သည် သက်ဆိုင်ရာကုမ္ပဏီ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများ အပြင် ဈေးကွက်စီးပွားရေးမူများနှင့် နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်းများကို ချိုးဖောက်နေသည်ဟု မော်က ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ဗြိတိန်စီးပွားရေးနှင့်စွမ်းအင်ဌာနက တရုတ်ပိုင် Wingtech Technology အား ဗြိတိန်၏ အကြီးဆုံးမိုက်ခရိုချစ်ပ်ထုတ်လုပ်သည့် Newport Wafer Fab တွင် ရှယ်ယာ ၈၆ ရာခိုင်နှုန်းကို ဝယ်ယူမှုကို ရုပ်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်လုံခြုံရေးအန္တရာယ်လျော့ပါးစေရေးအတွက် ယခုအမိန့်သည် လိုအပ်ပြီး ဆီလျော်ကြောင်း ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။

ခေတ်မီနည်းပညာများအား တရုတ်က ဝယ်ယူမှုနှင့် နိုင်ငံခြားတိုင်းပြည်များ၏ ဉာဏမူပိုင်ခွင့်ပစ္စည်းခိုးယူမှုတို့ ကြောင့် ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များနှင့် ပတ်သက်၍ နိုင်ငံအများအပြားက စိုးရိမ်နေကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly