တောင်တရုတ်ပင်လယ်အတွင်း ဒုံးပျံအပျက်အစီးများဟု ယူဆရသည့် မျောပါနေသည့် အရာဝတ္ထုတစ်ခုကို တရုတ်ကမ်းခြေစောင့်သင်္ဘောတစ်စင်းက ဖိလစ်ပိုင်သင်္ဘောမှ အတင်းအကျပ် ပြန်လည်ရယူခဲ့သည်ဟု စွပ်စွဲခံ ထားရသည်။
ယင်းအရာဝတ္ထုကို ရယူမသွားနိုင်မီ တရုတ်သင်္ဘောက ဖိလစ်ပိုင်သင်္ဘောလမ်းကြောင်းကို ၂ ကြိမ် ပိတ်ဆို့ခဲ့ကြောင်း ဖိလစ်ပိုင်ရေတပ်မှ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး အယ်ဘတ်တိုကားလို့စ်က ပြောကြားခဲ့သည်။
ယင်းစွပ်စွဲချက်များကို တရုတ်တာဝန်ရှိသူများက တုံ့ပြန်ခြင်းမရှိသေးပေ။
အမေရိကန် ဒုသမ္မတ ကမလာဟဲရစ် ဖိလစ်ပိုင်သို့ လာရောက်စဉ် ယခုပြဿနာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
အပျက်အစီးများကို နိုဝင်ဘာ ၂၀ရက်တွင် ဒေသစံတော်ချိန် ဝ၆:၄၅ (ဂရင်းနစ်စံတော်ချိန် ၂၂း၄၄ GMT) တွင် တစ်တူကျွန်းဟု လူသိများသော ဖိလစ်ပိုင်ထိန်းချုပ်ထားသော ပါဂါဆာကျွန်းအနီးတွင် ပထမဆုံးတွေ့ရှိခဲ့ကြောင်း ဒုတိယရေတပ်ဗိုလ်ချုပ်ကြီးက ပြောကြားခဲ့သည်။
တာဝန်ရှိသူများက အဆိုပါနေရာကို ဆက်လက်ရှာဖွေခဲ့ရာ မျောနေသည့် သတ္တု အပိုင်းအစတစ်ခုကို တွေ့ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အရာဝတ္ထုကို ပြန်ဆွဲလာနေစဉ်တွင် သင်္ဘောကိုယ်ထည် နံပါတ် ၅၂၀၃ ဖော်ပြထားသည့် တရုတ်ကမ်းခြေ စောင့်သင်္ဘောတစ်စင်းက ယင်းနေရာသို့ ချဉ်းကပ်လာပြီး လမ်းကြောင်းကို ၂ ကြိမ်ပိတ်ဆို့ခဲ့သည်။
ထို့နောက် ဖိလစ်ပိုင်၏ ရော်ဘာလှေနှင့် တွဲချည်ထားသော ဆွဲကြိုးကို ဖြတ်တောက်ကာ အရာဝတ္တုကို တရုတ်သင်္ဘောက အတင်း အကျပ် ရယူခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း ဖိလစ်ပိုင်က ထုတ်ပြန်ထားသည်။
အသက်တမျှအရေးကြီးသည့် ပစ္စည်းမဟုတ်ခြင်းကြောင့် သင်္ဘောသားများက မတိုက်ခိုက်ခဲ့ကြောင်း ပြောရေး ဆိုခွင့်ရှိသူ တင်ဒေါ့က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ယင်းအဖြစ်အပျက်ကို သိရှိထားပြီး ပြန်လည်သုံးသပ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆိုသည်။