စစ်တွေ-ရန်ကုန် ကားလမ်း စစ်ကောင်စီပိတ်ထား၍ ဆီပြတ်တောက်မှုများ ရှိနေ

စစ်တွေ-ရန်ကုန် ကားလမ်း စစ်ကောင်စီပိတ်ထား၍ ဆီပြတ်တောက်မှုများ ရှိနေ

နိုဝင်ဘာလ ၂၆ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေ-ရန်ကုန် ကားလမ်းကို စစ်ကောင်စီက ပိတ်ထား၍ ဓာတ်ဆီကားများ မြို့တွင်း မဝင်ရောက်နိုင်၍ ဓာတ်ဆီများ ပြတ်တောက်နေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီက နိုဝင်ဘာလ ၁၁ ရက်မှ စတင်၍ ကားလမ်းပိတ်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဓာတ်ဆီအရောင်းဆိုင်များ ပိတ်ထား၍ 92နှင့် 95 အောက်တိန်း ဓာတ်ဆီများ ပြတ်တောက်ပြီး

ဒေသခံပြည်သူများမှာ သွားလာရေး အခက်တွေ့နေကြရသည်ဟု သိရသည်။

“ဆိုင်ကယ်မှာဆီမရှိတော့ ထည့်နေကျဆီဆိုင်ကိုသွားထည့်တာ ကုန်နေပါတယ်လို့ ဆိုင်းဘုတ်ကပ်ထားတယ်။နောက်ပြီးတခြားဆိုင်တွေဖက်ကို သွား ကြည့်တော့ ဆီဆိုင်ကြီးတွေအားလုံးပိတ်ထားတယ်။ဆိုင်ကယ်မှာဆီမရှိတော့ ဘယ်မှ သွားလို့လည်းမရတော့ဘူးလေ။ကလေးတွေကျောင်းပို့၊ကျောင်းကြိုတွေ၊သွားစရာရှိတာတွေ အကုန်လုံးက ဆိုင်ကယ်နဲ့ပဲသွားနေရတာပါ။ဆီမရှိတော့အခက်တွေ့တာပေါ့” ဟု စစ်တွေမြို့ခံတစ်ဦးက ယနေ့အခြေအနေကို ပြောပြသည်။

စစ်တွေမြို့မှ ဓာတ်ဆီအရောင်းဆိုင်ကြီးများဖြစ်ကြသည့် ကျော်ဇံ၊ရွှေရိုးမနှင့် Cityစသည့်ဆိုင်များမှာ ယနေ့တွင် ပိတ်ထားသည်ဟုသိရသည်။

“ဆီပြတ်တောက်တော့ ဆီဆိုင်ပိုင်ရှင်တွေကမခံရပါ။ မြို့နေပြည်သူတွေကသာ ခက်ခဲရတာပါ။ ဆီဆိုတာကလည်း ဆန်လိုအရေးကြီးလာတဲ့အရာဖြစ်လာပြီပေါ့။စက်မှုဖွံ့ဖြိုးလာ တဲ့နောက်မှာ ဆီကအများကြီးသက်ရောက်လာတယ်။ လူထုဖွံ့ဖြိုးရန်၊ ပြည်သူလူထုတွေ လည်ပတ်နိုင်ဖို့က။ ဒါတွေကိုစဉ်စားပေးပြီးတော့ တိုက်ပွဲဖြစ်တာကလည်းဖြစ်ပေါ့။ ဒီဘက်ကိုလည်းသက်ညှာပေးဖို့ လုံးဝဂျောင်ပိတ်အောင်လုပ်လိုက်တော့ ပြည်သူလူထုတွေ ဆန္ဒပြင်းပြလာရင် နောက်ပိုင်းခက်ခဲလာမှာက အာဏာပိုင်တွေကပဲ အခက်အခဲတွေ့မှာပါ။ ဒါတွေကိုရေရှည်တွေးပြီးတော့ ဖြေလျှော့ပေးသင့်တာကိုဖြေလျှော့ပေးသင့်တယ်လို့မြင် ပါတယ်”ဟု ဓာတ်ဆီအရောင်းဆိုင်ရှင်တစ်ဦးကပြောသည်။

နိုဝင်ဘာလ ၁၀ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကားလမ်းမပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့ကားနှစ်စီးကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့ နယ်အတွင်း၌ စစ်ရေးတင်းမာလာပြီးနောက် စစ်ကောင်စီက ကားလမ်းကို ပိတ်ပင်ထားခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly