ဆားလင်းကြီးမြို့ ရဲစခန်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီး ရဲ သေဆုံး

26 November 2022
ဆားလင်းကြီးမြို့ ရဲစခန်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီး ရဲ သေဆုံး

နိုဝင်ဘာ ၂၆

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့ ရဲစခန်းကို ယမန်နေ့ နိုဝင်ဘာလ ၂၅ရက် နေ့လယ် ၁၂နာရီ ခန့်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ရဲတပ်သား တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိသည်ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

“ကျနော်တို့ တိုက်ခဲ့တာကတော့ ရဲစခန်းမှာ ရှိတဲ့ ဘန်ကာတွေကို အဓိကထားပြီး တိုက်ခဲ့တာ ဖြစ်တယ်။ ဒရုန်းခြောက် စီးနဲ့ ပစ်မှတ်တွေကို ချိန်သားကျကျ တိုက်ခိုက်နိုင်ခဲ့တယ် ။ ဒရုန်းအပျက်အစီး ကတော့ မရှိခဲ့ဘူး။ အတွင်းသတင်း အရတော့ ရဲတစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ သိထားတယ်” ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးက ဆိုသည်။

ယင်းတိုက်ခိုက်မှုကို Super Fighter PDF ( ရေစကြို) ၊ Zarmani PDF ၊ Myanmar Revolution Army( MRA) ၊ Salingyi Special Task Force ( SSTF) နှင့် ငဘ ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း

#ဆားလင်းကြီးမြို့နယ်

#ရဲစခန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly