သီပေါမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် SSPP တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ

သီပေါမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် SSPP တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ

နိုဝင်ဘာ ၂၆

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တို့၏တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၅၀၀ ကျော်သည် သီပေါမြို့ပေါ်နှင့် နီးစပ်ရာဘုန်းကြီးကျောင်းများသို့ ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရသည်။

ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ် ဝန်းကျင်ခန့်က ကုန်းသာကျေးရွာအနီးရှိ SSPP တပ်စခန်းရှိရာဘက်သို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် SSPP တပ်ဖွဲ့နှင့်တိုက်ပွဲများ တစ်နာရီခန့်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အထိအခိုက်ရှိ ကြောင်း SSPP ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

"ဘိုးတော်ကျောင်းမှာက စစ်ဘေးရှောင် ၃၀၀ ကျော်နဲ့ နောင်အန်ကျောင်း၊ ဆွတ်လန်းကျောင်းတွေမှာက ၂၀၀ နီးပါးရှိပြီ၊ ပြေးလာတာ။ ကုန်းသာအပါအဝင် အနားကရွာ ငါး ရွာလောက်ပြေးရတယ်။ ရွာထဲကို လက်နက်ကြီးကျပြီး လူနေအိမ်ထိ တာတွေလည်းရှိတယ်" ဟု သီပေါမြို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကုန်းသာကျေးရွာနှင့် အနီးတဝိုက်မှကျေးရွာများသည် သီပေါမြို့၊ အောင်မင်္ဂလာ ဘိုးတော်ကျောင်းနှင့် ကျေးရွာအနီးပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သီပေါဒေသခံများက ဆိုသည်။

လက်ရှိတွင်ထွက်ပြေးတိမ်းရှောင်လာသော စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်နှင့်အကူအညီများလိုအပ်နေပြီး စစ်ကောင်စီတပ်သားများ ကျေးရွာအတွင်း ဝင်ရောင်နေထိုင်နေခြင်းကြောင့် ဒေသခံများမှာ နေရပ်သို့ပြန်ရန် စိုးရိမ် ကြောက်ရွံ့မှုများရှိနေကြောင်း သိရသည်။

ဓာတ်ပုံ-ဒေသခံ

စာတည်း။ ။မောင်ကောင်း

#ရှမ်းပြည်မြောက်ပိုင်း

#သီပေါမြို့

#စစ်ကောင်စီတပ်

#SSPP

#တိုက်ပွဲ

#ဒေသခံများ

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly