လုံခြုံရေးစိုးရိမ်မှုကြောင့် အစိုးရအဆောက်အအုံများ၌ တရုတ်စောင့်ကြည့်ကင်မရာများတပ်ဆင်ခြင်းကို ဗြိတိန် ကန့်သတ်

လုံခြုံရေးစိုးရိမ်မှုကြောင့် အစိုးရအဆောက်အအုံများ၌ တရုတ်စောင့်ကြည့်ကင်မရာများတပ်ဆင်ခြင်းကို ဗြိတိန် ကန့်သတ်

ဗြိတိန်အစိုးရသည် လုံခြုံရေးအန္တရာယ်များကို ညွှန်းဆိုလျက် အရေးကြီးသော အဆောက်အအုံများတွင် တရုတ်နှင့်ချိတ်ဆက်မှုရှိသော စောင့်ကြည့်ကင်မရာများ တပ်ဆင်ခြင်းမပြုရန် နိုဝင်ဘာ ၂၄ ရက်က ဌာနဆိုင်ရာများအား မှာကြားလိုက်သည်။

အစိုးရအဆောက်အအုံရှိရာပရဝုဏ်များတွင် စောင့်ကြည့်ရေးစနစ်များ တပ်ဆင်ခြင်းနှင့်ဆက်စပ်နေသော လက်ရှိနှင့် အနာဂတ်တွင် ဖြစ်နိုင်ခြေရှိသည့် လုံခြုံရေးအန္တရာယ်များကို ပြန်လည်သုံးသပ်ပြီးနောက် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု အစိုးရရုံးဝန်ကြီး အိုလီဗာဒေါင်ဒန်က လွှတ်တော်သို့ စာရေးသားတင်ပြခဲ့သည်။

“ဗြိတိန်အတွက် ခြိမ်းခြောက်မှုနဲ့ ဒီစနစ်တွေရဲ့ စွမ်းရည်နဲ့ ချိတ်ဆက်မှု တိုးတက်လာမှုတွေကြောင့် နောက်ထပ်ထိန်းချုပ်ကန့်သတ်မှုတွေလိုအပ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်” ဒေါင်ဒန်က ပြောသည်။

ဗြိတိန်ညွှန်ကြားချက်သည် တရုတ်လုံခြုံရေးဥပဒေများကို လိုက်နာရသော ကုမ္ပဏီများမှ ထုတ်လုပ်သည့် ကင်မရာများနှင့်သက်ဆိုင်ပြီး အဆိုပါစက်ပစ္စည်းများကို ပင်မကွန်ပျူတာကွန်ရက်များမှ ချိတ်ဆက်မှု ဖြတ်တောက်ရန်နှင့် ၎င်းပစ္စည်းများအားလုံးကို ဖယ်ရှားရေးစဉ်းစားရန် ဌာနဆိုင်ရာများအတွက် လမ်းညွှန်ချက် ပါရှိသည်။

တရုတ်နိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများ၏ ထုတ်ကုန်များနှင့်ပတ်သက်၍ ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများကြောင့် အစိုးရပိုင် တရုတ်ကုမ္ပဏီ ၂ ခုဖြစ်သည့် Hikvision နှင့် Dahua တို့မှ လုံခြုံရေး ကင်မရာများ ရောင်းချခြင်းနှင့် အသုံးပြုခြင်းအား တားမြစ်ရန် ဥပဒေပြုအမတ် ဒါဇင်ပေါင်းများစွာက တောင်းဆို ခဲ့ပြီးနောက် လပေါင်းများစွာအကြာတွင် ယခုညွှန်ကြားချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်သည် Hikvision၊ Dahua နှင့် အခြားသော တရုတ်ကုမ္ပဏီများမှ ထုတ်လုပ်သော ကင်မရာများအတွက် ကုန်သွယ်မှုနှင့် အသုံးပြုမှုကန့်သတ်ချက်များ ချမှတ်ထားသည်။

ဗြိတိန်အစိုးရအဖွဲ့အစည်းအများစုသည် Hikvision သို့မဟုတ် Dahua မှထုတ်လုပ်သော စောင့်ကြည့် ကင်မရာများကို အသုံးပြုကြကြောင်း ကိုယ်ရေးကိုယ်တာလုံခြုံမှုဆိုင်ရာအဖွဲ့ Big Brother Watch က ဇူလိုင်လ တွင် ပြောကြားခဲ့သည်။ ပြည်ထဲရေးနှင့် စီးပွားရေးဝန်ကြီးဌာနများ အပါအဝင် အစိုးရဌာန အများအပြားသည် ၎င်းတို့အဆောက်အအုံများရှေ့တွင် Hikvision ကင်မရာများကို သိသိသာသာ အသုံးပြုနေကြသည်ဟု Big Brother Watch အဖွဲ့က ပြောသည်။

တရုတ်နိုင်ငံ၏ ထောက်လှမ်းရေးဆိုင်ရာဥပဒေကို လိုက်နာရသော ကုမ္ပဏီများမှ ထုတ်လုပ်သည့် ထိုသို့သော ပစ္စည်းများအား အရေးပါသောနေရာများတွင် တပ်ဆင်ခြင်းမပြုကြရန် ဌာနဆိုင်ရာများအား ညွှန်ကြားလိုက်သည်ဟု အစိုးရ၏သုံးသပ်မှုအပြီး ဒေါင်ဒန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly