ကျားဖြူစစ်ကြောင်းရိက္ခာကားကို စစ်ကောင်စီတပ်မှ ချောင်းမြောင်းပစ်ခတ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ သေဆုံးထိခိုက်မှုရှိ

ကျားဖြူစစ်ကြောင်းရိက္ခာကားကို စစ်ကောင်စီတပ်မှ ချောင်းမြောင်းပစ်ခတ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ သေဆုံးထိခိုက်မှုရှိ

နိုဝင်ဘာလ ၂၅ ရက်

ကရင်ပြည်နယ် ကရင့်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ကော့ကရိတ်ဒေသတွင် နိုဝင်ဘာလ၂၃ရက်နေ့က ကျားဖြူစစ်ကြောင်းရိက္ခာကားကို စစ်ကောင်စီတပ်မှ လက်နက်ငယ်၊လက်နက်ကြီး၊ ၄၀မမလက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျားဖြူစစ်ကြောင်းတပ်ခွဲ(၂)မှ ယနေ့နိုဝင်ဘာလ၂၅ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရိက္ခာပို့ရန် ရိက္ခာသယ်ယူနေစဉ် စစ်ကောင်စီမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၉နာရီ ၁၀မိနစ်တွင် နှစ်ဖက်စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခံနေရစဉ် ရိက္ခာကားကို ထားခဲ့ရကာ တပ်ခွဲမှ ဒဏ်ရာရ သုံးဦးရှိခဲ့ပြီး နှစ်ဦးသာ တပ်ခွဲနှင့်အတူ ပြန်ဆုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဒဏ်ရာရ ရဲဘော်တစ်ဦးနှင့် ရိက္ခာပို့သွားသော ရဲဘော်တစ်ဦးမှာ တိုက်ပွဲအတွင်း တစ်နာရီခန့်ပိတ်မိနေခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ တိုက်ပွဲအတွင်း ကျားဖြူစစ်ကြောင်းတပ်ခွဲ(၂)မှ အားသွင်းထားသည်ံ ဖုန်း ငါးလုံး၊ ပါဝါဘန့်များ၊ ဆိုလာပြားများ၊ စစ်ကျောပိုးအိတ်များ၊ ပိုက်ဆံအိတ်များ၊ မှတ်ပုံတင်များ၊ စစ်သုံးညကြည့်မှန်ဘီလူးတစ်ခု၊ ရိက္ခာပို့ကားတစ်စီးနှင့်အတူ သေနတ်တစ်လက်၊ ကျည်ဆန်များဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒဏ်ရာရ ရဲဘော်လူနာ သုံးဦး(မစိုးရိမ်ရ)သည် ပြန်လည်သက်သာလာပြီးဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြဝတီ-ဝေါ်လေကားလမ်းကို ထိန်းချုပ်ထားသည့် ကော်ဘရာစစ်ကြောင်း၏ ရိက္ခာကားကို စစ်ကောင်စီတပ်မှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကော်ဘာရာစစ်ကြောင်းမှ ရဲမေနှစ်ဦး၊ရဲဘော် တစ်ဦးကျဆုံးခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly