ကရင်နီစစ်ရှောင်များနှင့် မြို့ပြပြောက်ကျားအတွက် The Sun ပရောဂျက်စတင်

ကရင်နီစစ်ရှောင်များနှင့် မြို့ပြပြောက်ကျားအတွက် The Sun ပရောဂျက်စတင်

နိုဝင်ဘာလ ၂၅ ရက်

ကရင်နီစစ်ဘေးရှောင်များနှင့် မြို့ပြပြောက်ကျား (Urban Guerrilla)တို့အား ထောက်ပံ့ပေးနိုင်ရန် Vitamins-For Spring Revolution က The Sun Project အမည်ဖြင့် ပရောဂျက်တစ်ခုပြုလုပ်ထားကြောင်း သိရသည်။

Vitamins-For Spring Revolution က ယခုပရောဂျက်တွင် ဂုဏ်ပြုကဒ်( Appreciation Card) များကို ရောင်းချပေးသွားမည်ဖြစ်ပြီး ကဒ်အမျိုးအစားသုံးခုကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူပြီး ကရင်နီစစ်ဘေးရှောင်များနှင့် မြို့ပြပြောက်ကျားများကို ထောက်ပံ့နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ရောင်းချပေးမည့် ကဒ်အမျိုးစားများမှာ လွမ်းဆွတ်တမ်းတခြင်းများကို ဖော်ဆောင်သော‌ နေမင်းကဒ် အတွက် ၁,၀၀၀ ကျပ် (USD 1 $)၊ နွေးထွေးခြင်းနှင့် ဘေးကင်းခြင်းကို အတူတူ ဖော်ဆောင်ပေးသော လောကနတ်နေမင်းကဒ် အတွက် ၃,၀၀၀ ကျပ် (USD 3$ )၊ ပညာဉာဏ် မြင့်မားခြင်းနှင့် ဥစ္စာဓနကြွယ်ဝခြင်းကို ဖော်ဆောင်သော သုခနေမင်းကဒ် အတွက် ၅,၀၀၀ ကျပ် (USD 5$ ) အသီးသီးဖြစ်ကြောင်း သိရသည်။

အဆိုပါ The Sun Project မှ ရရှိငွေအားလုံးကို မြေပြင်အရောက် အချိန်မီထောက်ပို့ပေးသွားနိုင်ရန် ရည်ရွယ်ထားကြောင်း Vitamins-For Spring Revolution မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

တော်လှန်ရေးတွင် တစ်ထောင့်တစ်နေရာ ပါဝင်‌ထောက်ပို့လိုသူများ အနေဖြင့် Kpay , wave Pay, Sub Thai, PayPal အပြင် Nug Pay များဖြင့် ပါဝင်ထောက်ပံ့နိုင်ကြောင်း Vitamins-For Spring Revolution အဖွဲ့က အသိပေးထားသည်။

''ကရင်နီစစ်ရှောင်တွေနဲ့ UG တွေကို ထောက်ပံ့ဖို့အတွက် ဒီပရောဂျက်ကို လုပ်တာပါ။ ဘယ်နေရာက UG တွေကို ထောက်ပံ့မယ်ဆိုတာတော့ မရွေးချယ်ရသေးပါဘူး။ '' ဟု Vitamins-For Spring Revolution မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

Vitamins-For Spring Revolution မှာ ပြီးခဲ့သည့် ဒီဇင်ဘာလကဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စတင်သည့်အချိန်ကစ၍ မြန်မာနိုင်ငံအနှံ့ရှိ စစ်ဘေးရှောင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသို့ အကြိမ်ရေရာကျော်နှင့် ခန့်မှန်းခြေ သိန်း ၅၀၀ ဝန်းကျင်ခန့်အထိ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း Vitamins-For Spring Revolution အဖွဲ့က ဆိုသည်။

ပြီးခဲ့သည့် နှစ်လကျော်က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသော Vitamins-For Spring Revolution မှ စီမံခန့်ခွဲသူ Admin Sunshineကို အမှတ်ရ‌သောအားဖြင့် ယခုအကြိမ်တွင် The Sun Project အမည်ဖြင့် ကရင်နီစစ်ရှောင်များနှင့် မြို့ပြပြောက်ကျားအတွက် ပရောဂျက်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

''Admin Sunshine က အဖမ်းခံလိုက်ရတာပါ။ နှစ်လကျော်လောက်ရှိပါပြီ။ အခုထိအမိန့်မချရသေးပါဘူး။ သံတိုင်ကြားက Admin Sun Shine ကို ကိုယ်ချင်းစာနာခဲ့ရသလို အရိုးကွဲအောင်အေးတဲ့ အအေးဒဏ်ခံစားနေကြရတဲ့ ရဲဘော်တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် နက်ရှိုင်းစွာ နာကျင်ခံစားရပါတယ်။ ဒါ့အပြင် မြို့ပေါ်ရောက် မြို့ပြယူဂျီတွေရဲ့ ဆောင်းကိုအံတုသံတွေ၊ ထောင်ကျနေတဲ့ ရဲဘော်တွေရဲ့ မေးရိုက်သံတွေကို ကြားရတာဟာ ရင်ကိုနင်းပြီး ခြေချခံနေရသလိုပါပဲ။ ဒါ့ကြောင့် သူတို့တွေကို ထောက်ပံ့ဖို့အတွက် ပြည်သူအားလုံးပါဝင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။'' ဟု Vitamins-For Spring Revolution မှ တာဝန်ရှိသူက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly